သတ်မှတ်ရက် ပြန်ရောက်မလာတဲ့ နေမာကို အသင်းကနေ ထွက်ခွာနိုင်တယ်လို့  PSG အားကစားဒါရိုက်တာ လီယိုနာဒို ပြော

သတ်မှတ်ရက် ပြန်ရောက်မလာတဲ့ နေမာကို အသင်းကနေ ထွက်ခွာနိုင်တယ်လို့  PSG အားကစားဒါရိုက်တာ လီယိုနာဒို ပြော
Photo: EPA

ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ရဲ့ ပထမနေ့ကို အသင်းဆီ ပြန်ရောက်မလာတဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီအသင်းက အရေးယူမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့သလို ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အားကစားဒါရိုက်တာ လီယိုနာဒိုက ပြောဆိုသွားပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ နေမာဟာ ဇူလိုင် ၈ ရက် တနင်္လာနေ့က ကလပ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သတ်မှတ်ရက်မှာ ရောက်မလာခဲ့တာကြောင့် အခုလိုအသင်းဘက်က အရေးယူမှုပြုလုပ်ခဲ့တာပါ။

နေမာဟာ ကလပ်အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည် ပြောင်းရွှေ့လိုတယ်လို့ သတင်းတွေ ထွက်နေသူလည်းဖြစ်ပါတယ်။

"ဇူလိုင် ၈ ရက်မှာ အသင်းနဲ႔ ပြန်ပူးပေါင်းဖို့ နေမာကို ညွှန်ကြားထားပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း နေမာ ရောက်မလာခဲ့ပါဘူး။ ဒါကြောင့် သူ့ကို သင့်တော်သလို အရေးယူသွားမှာပါ။"လို့ ပီအက်စ်ဂျီက ကြေညာခဲ့ပါတယ်။

နေမာဟာ တနင်္ဂနွေနေ့က ဘရာဇီးလ်နဲ့ ပီရူးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဗိုလ်လုပွဲကို အားပေးကြည့်ရှုခဲ့တာကြောင့် အခုလို ပျက်ကွက်တာဖြစ်ဖွယ်ရှိပေမယ့်လည်း အကျိုးအကြောင်းပြောကြားမှု မရှိလို့ ပီအက်စ်ဂျီ အသင်းတာဝန်ရှိသူတွေက ဒေါသထွက်နေတာဖြစ်တယ်လို့ သိရတယ်။

ကစားသမားရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူတို့ကတော့ သူတို့ရဲ့ ကစားသမားဟာ နောက်တပတ်အထိ အသင်းနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ဘူးလို့ Fox Sports ကို ပြောဆိုခဲ့ပါတယ်။

“နေမာက ပီအက်စ်ဂျီကနေ ထွက်ခွာသွားနိုင်ပါတယ်၊ သူ့အတွက်သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်ပေါ့”လို့ ပီအက်စ်ဂျီအားကစားဒါရိုက်တာလီယိုနာဒိုက ပြောပါတယ်။

“ဒါပေမယ့်လည်း အခုချိန်ထိတော့ သူ့ကို ဘယ်အသင်းက ဝယ်ယူချင်တယ်။ ဘယ်လောက်ပေးချေမယ်ဆိုတာကို ကျနေ်တို့မသိသေးပါဘူး။ အသင်းမှာ ကစားချင်ပြီး ကြီးမားတဲ့တည်ဆောက်မှုမှာ ပါဝင်ချင်တဲ့ ကစားသမားတွေအပေါ်ကိုသာ ပီအက်စ်ဂျီက အားကိုးအားထားပြုချင်ပါတယ်။”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags