အိန္ဒိယမှာ ခရီးသည်တင်ဘတ်စ်ကား လမ်းချော်တိမ်းမှောက်လို့ လူ ၃၀ နီးပါး သေဆုံး

အိန္ဒိယမှာ ခရီးသည်တင်ဘတ်စ်ကား လမ်းချော်တိမ်းမှောက်လို့ လူ ၃၀ နီးပါး သေဆုံး

နယူးဒေလီ၊ ဇူလိုင် ၈ ။             ။ ဘေးကင်းလုံခြုံမှု နည်းပါးညံ့ဖျင်းတာကြောင့် ‘ငရဲသွားလမ်း’လို့ နာမည်ရလာတဲ့ အိန္ဒိယနိုင်ငံက သွားလာမှုအများဆုံး ကားလမ်းတွေထဲ တစ်လမ်းမှာ ဇူလိုင် ၈ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်ရာမှာ လူပေါင်း ၂၉ ဦး သေဆုံးပါတယ်။

ကားမောင်းတဲ့ ဒရိုင်ဘာဟာ အိပ်ငိုက်သွားပုံရပြီး ခုလို လမ်းချော်တိမ်းမှောက်မှုဖြစ်တာလို့ သိရပါတယ်။ နယူးဒေလီနဲ့ တာ့ဂျ်မဟာ ရှိလို့ နာမည်ကြီးတဲ့ အက်ဂရာမြို့ကို ဆက်သွယ်ထားတဲ့ ယမုံနာအဝေးပြေးလမ်းမကြီးပေါ်မှာ အခု ယာဉ်မတော်တဆမှု ဖြစ်ပွားတာပါ။

အဲဒီ လမ်းမကြီးပေါ် တံတားနှစ်စင်းကြား အရံအတား သံလက်ရန်းကို ဝင်တိုက်ပြီး ဘတ်စ်ကားဟာ မြောင်းထဲကို ထိုးကျခဲ့တာ ဖြစ်ပါတယ်။

ဒီယာဉ်မတော်တဆမှုမှာ ဒဏ်ရာရသူ ၁၈ ဦး ရှိပြီး အချို့က စိုးရိမ်ရတယ်လို့ ရဲက ပြောပါတယ်။

ညံ့ဖျင်းတဲ့ လမ်းခင်းဖောက်လုပ်မှုနဲ့ အရှိန်မြင့် မောင်းနှင်သူတွေကြောင့် အိန္ဒိယရဲ့ ကားလမ်းတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း တစ်သိန်းခွဲကျော်ထက်မနည်း သေဆုံးရနေပါတယ်။

ယမုံနာ အဝေးပြေးလမ်းမကြီးဟာ မိုင် ၁၀၀ ရှိပြီး ၂၀၁၂ က စတင်ဖွင့်လှစ်ချိန်ကစလို့ နိုင်ငံရဲ့ အရှည်ဆုံး ခြောက်လမ်းသွား လမ်းမကြီး ဖြစ်ပေမယ့် ဖွင့်လှစ်အသုံးပြုခဲ့စဉ်ကနေ ခုထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူပေါင်း ၉၀၀ နီးပါး ရှိနေပါတယ်။ ဒီလို နာမည်ဆိုးနဲ့ ကျော်ကြားရာကနေ ငရဲသွားလမ်းမကြီးအဖြစ် ခေါ်ဆိုသမုတ်ခံနေရတဲ့ အဝေးပြေးလမ်းမကြီးလည်း ဖြစ်ပါတယ်။

အခု တိမ်းမှောက်မှုဖြစ်တဲ့ ဘတ်စ်ကားဟာ နိုင်ငံပိုင် ပြေးဆွဲတဲ့ ဘတ်စ်ကားဖြစ်ပြီး မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် လက်နောင်းကနေ နယူးဒေလီဆီ မောင်းနှင်စဉ် နံနက် လေးနာရီဝန်းကျင်မှာ ပေ ၄၀ အမြင့်ကနေ တံတားနှစ်စင်းကြား ရေမြောင်းထဲ ထိုးကျခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required