ပုဂံကဟိုတယ်များ ရွှေ့ပြောင်းရေး မန်းတိုင်းအစိုးရ ကိုင်တွယ်ရမည်ဟုဆို

ပုဂံကဟိုတယ်များ ရွှေ့ပြောင်းရေး မန်းတိုင်းအစိုးရ ကိုင်တွယ်ရမည်ဟုဆို
Phpto- AFP

ရန်ကုန် ၊ ဇူလိုင် ၈ ။           ။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းရန် သင့်၊မသင့် ကို  မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က အဓိကကိုင်တွယ်ဖြေရှင်းရမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ဟိုတယ်တွေက ဥပဒေနဲ့ ညီညွတ်လား မညီညွတ်ဘူးလားဆိုတာကို တိုင်းအစိုးရအဖွဲ့ကမေးရမယ်။ ရှေးဟောင်းဘက်က ပြန်ပြောပြီးရင် အဓိက ဆုံးဖြတ်ရမှာတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ရမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း၌ ထွက်ရှိထားသည့် ဥပဒေအရ ဟိုတယ်နှင့်ခရီးသွားလာရေးကိစ္စရပ်များကို ရှေးဟောင်းသုတေသနဘက်မှ ကိုင်တွယ်ဖြေရှင်းခွင့်မရှိဘဲ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေရှင်းရမည်ဖြစ်ကြောင်း ဦးကိုကိုနိုင်က ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသရှိ ဘုရားစေတီများအနီးတွင် ဟိုတယ် နှင့် လူနေရပ်ရွာများရှိနေပြီး ယင်းတို့အား အချိန်ကာလတစ်ခုအတွင်း ရွှေ့ပြောင်းပေးရန် ယူနက်စကို ဘက်မှ တောင်းဆိုထားသည်။

ပုဂံဒေသအတွင်းရှိ ဟိုတယ်များအား သင့်တင့်သည့်နေရာပြောင်းရွှေ့မည်ကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအေးကျော်က ထောက်ခံပြောဆိုခဲ့သည်။

 “ယူနက်စကိုက ခွင့်မပြုတဲ့ဟာတွေ အကုန်လုံးရွှေ့သင့်ပါပြီ။ ခွင့်မပြုဘဲဆောက်ထားတဲ့ ဟိုတယ်တွေကို လျော်ကြေး ပေးစရာမလိုဘဲ ရွှေ့ပစ်ပါ။ ခွင့်ပြုပြီးမှဖြစ်တဲ့ဟာတွေကိုတော့ သင့်တင့်တဲ့နေရာမှာ နေရာအစားပြန်ပေးလိုက်ပါ”ဟု ဦးအေးကျော်က ဆိုသည်။

ယင်းအပြင် နေဝင်နေထွက်ကြည့်ခြင်းကြောင့် ဘုရားပုထိုးများ ပျက်စီးနိုင်သဖြင့် ဘုရားပေါ်သ မည်သူကိုမျှ တက်ရောက်ခွင့် မပြုသင့်ကြောင်း ၎င်းက အကြံပေးပြောဆိုခဲ့သည်။

“ခြေထောက်နဲ့နင်းတက်တာဖြစ်လို့ သဲပွင့်တွေကြွေသွားနိုင်တယ်။ လူတစ်ယောက် လှေကား တစ်ထစ်တက်လို့ သဲတစ်ပွင့်နှစ်ပွင့်ကြွေရင် အထစ်ပေါင်းတစ်ရာဆို ဘယ်လောက်ကြွေမလဲ” ဟု ဦးအေးကျော်က ဆိုသည်။

ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် ပုဂံဒေသကို ယူနက်စကိုမှ ဇူလိုင်က ၆ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီးနောက်နှစ်ပေါင်းရာ၊ထောင်ချီသက်တမ်းရှိသည့်ပုဂံကရှေးဟောင်းအဆောက်အအုံများကိုရေရှည်ထိမ်းသိမ်းရာတွင် ယူနက်စကိုမှ အကူအညီအထောက်အပံ့များ ပိုမိုရရှိလာမည်လည်း ဖြစ်သည်။ ယင်းသို့ ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်းကြောင့် ပုဂံဒေသသည် နိုင်ငံတကာ စည်းမျဉ်း များအရ တရားဝင် စောင့်ရှောက်ကာကွယ်မှု ခံရမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းလည်း တိုးတက်လာဖွယ် ရှိနေသည်။

သို့သော်လည်း ပုဂံဒေသရှိ ဟိုတယ်ဝင်းများအတွင်း၌ စေတီပုထိုးများ တည်ရှိနေခြင်း ရှေးဟောင်း အမွေအနှစ်များနှင့် ဟိုတယ်များအကြား နီးကပ်စွာ တည်ရှိနေခြင်းအပေါ် ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။
လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် စတုရန်းဧက ၂၇,၉၇၀ ကျယ်ဝန်းသော်လည်း ယူနက်စကိုသို့ စာရင်းတင်သွင်းခဲ့ရာတွင် ဧကနှစ်သောင်းခန့်ကို တိုးချဲ့ပြီး ၄၈,၀၉၉ စတုရန်းဧကအထိ တင်သွင်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly