မြန်မာလုံခြုံရေးကင်းစခန်းတိုက်ခိုက်ခံရမှု ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြောင်းကြားကန့်ကွက်ထား

မြန်မာလုံခြုံရေးကင်းစခန်းတိုက်ခိုက်ခံရမှု ဘင်္ဂလားဒေ့ရှ်ဘက်သို့ အကြောင်းကြားကန့်ကွက်ထား
Phpto- AFP

ရန်ကုန်၊ ဇူလိုင် ၈ ။             ။ နယ်စပ် မိုင်တိုင် ၄၀ လုံခြုံရေးကင်းစခန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှနေ၍ ARSA အဖွဲ့မှပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အကြောင်းကြား ကန့်ကွက်ထားကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးကင်းစခန်းအား ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက ARSA ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ နှစ်ဦးကျဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

 “ တပ်မတော်ဘက်ကဆိုတာထက် နယ်ခြားစောင့်ရဲကနေပြီး ကန့်ကွက်စာကတော့သူက နယ်စပ်ဒေသမှာ ထူးခြားမှု တစ်ခုခုဖြစ်ရင် အခြေအနေတစ်ခုခု ဖြစ်တာနဲ့ ကျွန်တော်တို့က ဆောင်ရွက်နေကြပါ။ ဆိုတော့ နာရီပိုင်းအတွင်း ဆောင်ရွက်လေ့၊ ဆောင်ရွက်ထ ရှိပါတယ် “ ဟု တပ်မတော်သတင်းမှန် ပြန် ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္စျိမသို့ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက နယ်စပ် မိုင်တိုင် ၄၀ လုံခြုံရေးကင်းစခန်းကို အဖွဲ့ဝင်အင်အား ၄၀ ခန့်က လာရောက်တိုက်ခိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေရာသည် အာဆာ (ARSA) အကြမ်းဖက်သောင်းကျန်းသူများ လှုပ်ရှားနေသည့်နေရာလည်းဖြစ်ပြီး  တိုက်ခိုက်ခံရသည့်ကင်းစခန်းသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းလုံခြုံရေးယူထားသည့် နေရာ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်အနီးရှိ လုံခြုံရေးကင်းစခန်းများကို ARSA အဖွဲ့မှ ဝင်တိုက်ခိုက်လေ့ရှိပြီး ယခင်ကလည်း တစ်ဖက်နိုင်ငံသို့သာပြန်လည်ဆုတ်ခွာခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly