မာရသွန်ခရီးရှည်ကြီးကို ချီတက်ရဦးမှာလား

မာရသွန်ခရီးရှည်ကြီးကို ချီတက်ရဦးမှာလား
( ၅၇ နှစ်မြောက် ဆဲဗင်းဂျူလိုင် အမှတ်တရ)

ရန်ကုန်၊ ဇူလိုင် ၇ ။         ။ အထိမ်းအမှတ်နေ့တွေများတဲ့ နိုင်ငံတွေတော်တော်များများထဲမှာမှ ကျွန်တော်တို့တိုင်းပြည်ဟာ နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်ရပ်တည်နေတာ အ့ံသြစရာ မဟုတ်ပေမယ့် အဲဒီအထိမ်းအမှတ်နေ့တွေကို သင်ခန်းစာ မယူနိုင်တာကတော့ ကျွန်တော်တို့ လိုလားနေတဲ့ အန္တိမရည်ရွယ်ချက်ကို ရောက်ဖို့ လှမ်းလေ ဝေးလေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ကုန်လွန်ခဲ့တဲ့ သမိုင်းကြောင်းကို ကိုယ်တိုင်တွေ့ကြုံခဲ့တဲ့သူတွေ၊ ကိုယ်တိုင် ဖြတ်သန်းကျော်လွှားခဲ့တဲ့သူတွေ၊ တွေ့ကြုံခဲ့တဲ့သူတွေက တဆင့်ပြန်ပြော၊ ပြန်ရေးကြသူတွေကတော့ ခေတ်အလိုက် တာဝန်ကျေကြတာကို တွေ့ကြရပြီး ကျွန်တော်တို့မျိုးဆက်များကတော့ ဒီကနေ့အထိ အသီးအပွင့်လေးက မဆိုသလောက်ဘဲ မဝရေစာ စားသုံးနေရပါသေးတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ခေတ်တွေကို ပြန်ကြည့်တဲ့အခါ ပဒေသရာဇ်ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ တခါ အင်္ဂလိပ်ခေတ်၊ ပြီးတော့လွတ်လပ်ရေးရပြီးပါလီမန် ဒီမိုကရေစီခေတ်နဲ့အပြိုင် ပြည်တွင်းရောင်စုံ လက်နက်ကိုင်များခေတ်၊ တစ်ခါ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်း တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၊ နှစ်ပေါင်းတော်တော်လေး ကြာပြီးမှ ၁၉၈၈  သြဂုတ်လ ဒီမိုကရေစီတောင်းဆိုမှု မအောင်မမြင်ဖြစ်ကာ စစ်အာဏာသိမ်းအစိုးရ(တပ်မတော်အစိုးရ)ခေတ် အဲဒီကမှ တစ်ခါ ကြံ့ခိုင်ရေးပါတီ ဦးသိန်းစိန် အစိုးရခေတ်၊ တစ်ခါ ယခု ၇၅ ရာခိုင်နှုန်းအရပ်သားအစိုးရခေတ်တွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အရင်ခေတ်တွေနဲ့စာရင် နည်းနည်းပွင့်လင်းမြင်သာလာတဲ့ခေတ်လို့ ပြောရမလားပဲ ဖြစ်ပါတယ်။

အဲဒီခေတ်တွေထဲကမှ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း(ဦးနေဝင်း)ခေတ်မှာတော့ တစ်ကမ္ဘာလုံးက အ့ံသြလောက်တဲ့ ဖြစ်ရပ်ကြီးတစ်ခု ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြီးကတော့ ဦးနေဝင်းရဲ့ စစ်တပ်ကြီးနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ တိုက်ပွဲ ဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဦးနေဝင်းရဲ့ စစ်တပ်ကြီးက မောင်းပြန်ရိုင်ဖယ်တွေ၊ အက်ကွိုင်းလက်ဂန်းတွေနဲ့ ဒီဖက်က ကျောင်းသားတွေ တချို့က ဖောင်တိန်၊ ခဲတံတွေကလွဲလို့ သူတို့မှာ ဘာမှမရှိကြဘဲ နောက်တစ်နေ့ နံနက်စောစောမှာ ကျောင်းသားတွေ စုဝေးရာဖြစ်တဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကို စစ်တပ်က မိုင်းခွဲဖြိုဖျက်ခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီအဖြစ်သနစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရွယ်ရောက်တဲ့အခါမှာ ဒီအကြောင်းတွေကို လိုက်လံရှာဖွေ ဖတ်ရှုရတာကလည်း ကျွန်တော်တို့က မဆလခေတ်မှာမွေး၊ မဆလခေတ်မှာ ကြီးဆိုတော့ အင်မတန် ခက်ခဲပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းမှာတော့ နိုင်ငံတကာသတင်းဌာနတွေကနေ အဲဒီအချိန် ပါဝင်သူတွေကို မေးမြန်းထားတာတွေ နားထောင်ပါများလာတော့ ကျွန်တော်တို့ကတဆင့် ခုခေတ် လူငယ်တွေကို တစ်ခါ ပြောပြဆိုတော့ ခုခေတ်လူငယ်တွေဟာ အရင်ခေတ်တွေလို သမိုင်းလိမ်တွေ မဟုတ်ဘဲ သမိုင်းမှန်တွေကို ထိတွေ့ခွင့်ရကြပါတော့တယ်။ သမိုင်းကို ဖြတ်သန်းခဲ့တဲ့သူတွေ ကိုယ်တိုင်ရေးသားချက်တွေ ပြောပြချက်တွေကို သိရှိခွင့် ရကြပါတော့တယ်။

၇ ရက် ဇူလိုင် အရေးဟာ ၁၉၆၂ မတ်လ ၂ ရက်နေ့ မှာ စစ်ခေါင်းဆောင် ဦးနေဝင်းက အာဏာသိမ်းလိုက်တော့ မြန်မာနိုင်ငံအတွင်းရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ကန့်ကွက်ကြရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

“ ဦးနေဝင်းကို မကြိုက်ဘူး၊ ဦးနေဝင်းက နိုင်ငံရေးသမားမှ မဟုတ်တာ၊ နာမည်ရှိတဲ့လူလည်း မဟုတ်ဘူး၊ အစဉ်လာရှိတဲ့သူတွေ သူတို့ အဲဒီထဲမှာမပါခဲ့ဘူး ” လို့ စာရေးဆရာကြီး ဒဂုံတာရာက ပြောခဲ့ဖူးပါတယ်။

အဲဒီအချိန် စစ်တပ်က ကျောင်းသားတွေက သူ့ကို ကန့်ကွက်ကြတော့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းကမ်းချက်တွေထုတ်၊ ကျောင်းသားအခွင့်အရေးတွေကို ပိတ်ပင်ပြီး ကျောင်းသားတွေဟာ ထောင်ထဲမှာရောက်နေတဲ့ တရားခံလိုမျိုး ခံစားကြရပါတယ်။ အာဏာပိုင်တွေ ထုတ်တဲ့ စည်းကမ်းချက်အသစ်တွေဟာ ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်သလိုမျိုး ဖြစ်နေတာကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ ကျောင်းသားတွေဟာ ကျောင်းသားသမဂ္ဂအဆောက်အအုံမှာ စုဝေးကြ၊ အစည်းအဝေး လုပ်ခဲ့ကြပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကာ အဲဒီသတင်းတွေဟာ ၂၇ ရက် သတင်းစာတွေမှာ ပါခဲ့ပါတယ်။ အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်းပဲ ဇူလိုင်လ ၇ ရက်နေ့မှာ ချုပ်ချယ်တင်းကျပ်တဲ့ စည်းကမ်းချက်တွေ အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားတွေဟာ ကျောင်းအတွင်းရှိ အဓိပတိလမ်းမပေါ်မှာပဲ ကြွေးကြော်သံတွေ အော်ဟစ်ရင်း ဆန္ဒပြပြီးလို့ လူစုခွဲချိန်မှာပဲ တက္ကသိုလ်ကျောင်းကို ၀ိုင်းထားတဲ့ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ပါတော့တယ်။ စစ်သားတွေဟာ အဓိပတိလမ်းအတိုင်း လျှောက်ပစ်တာပဲ ဖြစ်ပါတယ်၊ ကျဆုံးတဲ့ ကျောင်းသားတွေ၊ ဒဏ်ရာရတဲ့ကျောင်းသားတွေနဲ့၊ ထွက်ပြေးကြတဲ့ ကျောင်းသားတွေနဲ့ ငရဲပွက်သလို မြင်ကွင်းပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အလောင်းတွေကိုလည်း စစ်တပ်ကပဲ ဆွဲထုတ်သွားတာကို ထိုအချိန်က မျက်မြင်သိရှိသူတွေက ပြောကြပါတယ်။

ညဖက်ရောက်တော့ ကျောင်းသားတွေဟာ သူတို့ သူငယ်ချင်းတွေ ကျဆုံးသွားတာတွေနဲ့ ဖမ်းဆီးခံရသူတွေအတွက် ဝမ်းနည်းကြေကွဲနေကြပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာ စိတ်မကောင်းစွာ ဖြစ်နေကြပါတယ်။ မနက်စောစောမှာတော့ တစ်ခါမှ မကြားဘူးတဲ့ ပေါက်ကွဲသံကြီး ကြားလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ ကျောင်းသားတွေဟာ ထိတ်ထိတ်ပြာပြာဖြစ်ကြပြီး အဆောင်တွေကနေ ထွက်အကြည့်မှာတော့ မီးခိုးလုံးတွေနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးဟာ မြေပြင်မှာ အပုံလိုက်ကြီးဖြစ်နေတာ မြင်တွေ့လိုက်ရပါတော့တယ်။

ညဖက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးနေဝင်းက မြန်မာ့အသံကနေ “ စစ်တပ်ဆိုတာ ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး ပစ်ရင်တည့်တည့်ပစ်တယ် . . .” ဆိုတော့     . . . . . . .။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး မျက်မြင်သိရှိသူတစ်ဦးဖြစ်တဲ့ . သတင်းစာဆရာ ဦးစိန်လှဦးက စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ပြီး ဒဏ်ရာရတဲ့သူတွေ ကျဆုံးသူတွေကို စစ်တပ်က ထမ်းထုတ်နေတာတွေ့ရပြီး စစ်သားတွေက အဆောင်တွေထဲ ဝင်တာ မတွေ့ရဘဲ အဓိပတိလမ်းအတိုင်း လျှောက်ပစ်တယ်လို့ ဆိုပါတယ်။

“ နေဝင်ပြီးတဲ့အခါ ကျွန်တော်တို့ ဝမ်းနည်းပက်လက်နဲ့ ကိုယ့်အဆောင် ကိုယ်ဝင်ကြ၊ တံခါးပိတ်တော့ ဝင်အိပ်ကြရတာပေါ့ဗျာ၊ ညဖက်ကျတော့လည်း အဆောင်အလိုက်မှာ စီစီနဲ့ သေနတ်တွေပစ်ကြတာ ဘယ်သူတွေ သေတယ်၊ စသဖြင့် စာရင်းတွေနဲ့ပေါ့ဗျာ၊အဲဒီလို မပြီးဆုံးနိုင်အောင် ပြောဆိုနေကြတယ်၊ မိုးလင်းခါနီးမှ အိပ်ပျော်ကြတယ်၊ မနက် မိုးလင်းစလောက်ပေ့ါဗျာ အဲဒီအချိန်မှာ ကျွန်တော်တို့ မကြားဘူးတဲ့ ဗုံးခွဲသံ၊ ဗုံးဘယ်နှလုံးခွဲလိုက်တယ်မသိဘူး၊ ကျွန်တော်က ပက်လက်လှန်အိပ်နေတာ ကျွန်တော်က ဒဂုံဆောင်ရဲ့ ပထမထပ်ထောင့်ခန်းမှာ ရှိတော့ ကျွန်တော်အိပ်နေတယ်၊ ကုတင်တိုင်တွေ ခြင်ထောင်တွေ ဘာတွေက အကုန်ဖရိုဖရဲ အကုန်ပြိုကျ ၊ အမိုးတွေပြိုကျပြီးတော့ အုန်းဒိုင်းဆို တစ်ခါမှ ဒီလိုပြင်းတဲ့ပေါက်ကွဲသံ ကျွန်တော်မကြားဖူးပါဘူး၊ အဲဒီလောက်ထိအောင်ဖြစ်တော့ ဘာမှန်းမသိ ညာမှန်းမသိ အိပ်ယာက လန့်နိုးကုန်ကြတော့တာပေါ့။ တစ်ခုခုပဲဆိုပြီးတော့ ကျောင်းသားတွေက ဆင်းကြည့်ကြတာ မန္တလေးဆောင်က လှမ်းကြည့်ကြတာ မန္တလေးဆောင်ရှေ့က တကသ(သမဂ္ဂအဆောက်အဦ)၊ အဲဒီအခါကျတော့မှ အို. .  မန္တလေးဆောင်ဖက်က မြင်တဲ့သူတွေ ကြည့်တဲ့သူတွေကတော့ တကသ အဆောက်ဦးကြီး မရှိတော့ဘူးဟေ့၊ ကိုအောင်ဆန်းတို့ ထိုင်ခဲ့တဲ့ ကုလားထိုင်တွေလည်း သွားပြီလားမသိဘူးပေါ့လေ၊ သမဂ္ဂကြီးတော့ ပြိုသွားပြီ၊ အဲဒီအခါ ကျွန်တော်တို့လည်း ပြေးကြည့်တာပေါ့၊ တချို့ကျောင်းသားတွေလည်းငိုပေါ့ဗျာ၊ တချို့လည်း အော်ဟစ် ၊ သွေးရူးသွေးတန်းတွေဖြစ်တာပေါ့၊ ခံပြင်းတာပေါ့၊ သွားကြည့်တဲ့အခါ မငိုတဲ့ကျောင်းသား မျက်ရည်မကျတဲ့ကျောင်းသား ကျွန်တော် မတွေ့သလောက်ပါပဲ၊ ကျွန်တော် တစ်ချိန်တည်းမှာ ဒဂုံဆောင်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ် တချိန်တည်းမှာ တာဝန်ရှိတဲ့သတင်းထောက်လည်းဖြစ်တယ် ဗိုလ်တထောင်သတင်းထောက်လည်း ဖြစ်တယ်၊ အဲဒါနဲ့ ကျွန်တော်လည်း  ကျွန်တော့ရဲဘော်များနဲ့အတူရှိတယ်၊ ကျောင်းသားတွေက မျက်ရည်စက်လက်နဲ့ဖြစ်နေတယ်၊ ဝမ်းနည်းပက်လက်ဖြစ်နေတယ်၊ အဲဒီတော့ တကသ အဆောက်အအုံကိုကြည့်တာ မြေပုံဖြစ်သွားတယ် ပြာပုံဖြစ်သွားတယ်။ ဗုံးဘယ်နှလုံး ပတ်ပတ်လည်ခွဲလိုက်တယ် မသိပါဘူး။ အင်မတန်လှပပြီး အင်မတန်ကျက်သရေရှိတဲ့ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးဟာ အုတ်ခဲပုံကြီးလုံးလုံး ဖြစ်သွားပါတယ်၊ ပြင်းလိုက်တဲ့ ဗုံးတွေကလည်း မပြောနဲ့တော့ မြေပုံကိုဖြစ်သွားတာပါပဲ။ကျွန်တော်ဟာ အိပ်မက်ဆိုးကြီး မက်ရသလား လောကကြီးဟာ မယုံနိုင်စရာတွေဖြစ်တယ်ဆိုပြီးတော့ ဝမ်းနည်းပက်လက် ခုချိန်ထိ ရင်ထဲမှာဆို့ပြီးနေတုန်းပါပဲ။ နောက်နေ့ကျ ကျွန်တော်တို့ကို အဆာင်တွေက နှင်ပြီးတော့ အိမ်ပြန်လွှတ်တယ်။ အဲဒါဟာ တက္ကသိုလ်ရဲ့ ဘယ်လိုမှမမေ့နိုင်တဲ့ သမိုင်းနဲ့ချီပြီး မမေ့နိုင်တဲ့ ကျွန်တော်တို့ရဲ့ တကသ အဆောက်အဦကြီး၊ ဗိုလ်အောင်ဆန်း ထိုင်သွားတဲ့ သမဂ္ဂအဆောက်အဦကြီး ပြိုလဲပြီး မြေခပြီးမြေပုံကြီးဖြစ်၊ ကျွန်တော်တို့လည်း ရင်ထုမနာနဲ့ တက္ကသိုလ်က နှင်ထုတ်လို့ အိမ်ပြန်ခဲ့ကြရပါတယ်”  ။   ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly