သက်ငယ်မုဒိမ်းကျူးလွန်သူများကို ထောင်တစ်သက် လွတ်ရက်မရှိချမှတ်သင့်ဟု ပြည်သူအချို့ပြော

သက်ငယ်မုဒိမ်းကျူးလွန်သူများကို ထောင်တစ်သက် လွတ်ရက်မရှိချမှတ်သင့်ဟု ပြည်သူအချို့ပြော
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင်လ ၆ ။         ။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်အပြစ်မပေးနိုင်ပါက ထောင် တစ်သက် လွတ်ရက်မရှိ ချမှတ်သင့်ကြောင်း ပြည်သူအချို့က တောင်းဆိုကြသည်။

ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၉ နာရီမှ စတင်ကာ ထောင်နှင့်ချီသည့် လူများက အဖြူရောင်အကျႌများ ဆင်တူ ဝတ်ဆင်ပြီး ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားစုရပ်မှ စတင်ထွက်ခွာကာ အင်းစိန် CID ရုံးရှေ့သို့ ကြွေးကြော်သံများ နှင့်အတူ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြပြီးနောက် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

" အခုကျွန်တော်တို့ ပြောနေတဲ့ သက်ငယ်မုဒိမ်းမှုတွေပေါ့။ အခုက ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ တစ်သက်တစ်ကျွန်းက ကျွန်တော်သိရသလောက်တော့ နှစ်ခါလောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်ရင် လွတ်ပြီ။

ကျွန်တော်တစ်ယောက်တည်းအနေနဲ့ ပြောမယ်ဆိုရင် ထောင်တစ်သက် လွတ်ရက်မရှိ ချရမှာ။ ထောင်တစ်သက်လွတ်ရက်မရှိဆိုတာ လုံးဝ လွတ်ငြိမ်းသက်သာခွင့်မရှိဘူး။ အခုဆိုရင် ထောင် ၁၀ နှစ်ကျရင် ၇ နှစ်လောက်နဲ့ လွတ်ပြီ။ သူ့ကို အနှစ် ၂၀ ချရင် လွတ်ငြိမ်းချမ်းသာ နှစ်ခါပဲမိ၊ သူ့ရဲ့ ထောင်နေသက် ၅ နှစ်ဆိုရင် သေချာပေါက်လွတ်ပြီ။ ကျွန်တော်တို့ လုံးဝ အလိုမရှိဘူး။ လုံးဝ ထောင်တစ်သက် လွတ်ရက် မရှိ ဖြစ်ကိုဖြစ်ရမယ်"ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ပြည်သူတစ်ဦးဖြစ်သည့် ကိုတင်ထူးအောင်က ပြောသည်။

နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ယခုမျိုးဆက်သာမက နောင်မျိုးဆက်များအတွက် လွတ်လပ်လုံခြုံစိတ်ချရသည့် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို ပြင်းထန်သည့် အပြစ်ပေး အရေးယူမှုမျိုး လုပ်ဆောင်နိုင်ရန်အတွက် ဥပဒေကို  တိကျသေချာစွာ ပြဋ္ဌာန်းသင့်သည်ဟုလည်း ပြည်သူအချို့က သူတို့၏ သဘောထားကို ပြောဆိုခဲ့သည်။

" ဗစ်တိုးရီးယားအမှုမှသာ လူတွေအားလုံး အာရုံစိုက်လို့ ဒီအမှုက ဒီလောက်ကျယ်ပြန့်လာတာ။ ဗစ်တိုးရီးယား မတိုင်ခင် အရင်က ဗစ်တိုးရီးယားထက်ပိုပြီးအဖြစ်ဆိုးတဲ့ ဒီသက်ငယ်မုဒိမ်းတွေ ကျွန်တော်တို့ အများကြီးကြား ခဲ့ရတယ်။ သိခဲ့ရတယ်။ ဖြစ်နိုင်ရင် ဒီသက်ငယ်မုဒိမ်းကြီးကို တစ်ခုခုပြင်းထန်တဲ့ အရေးယူမှုမျိုးနဲ့ ပြည်သူလည်း စိတ်ကျေနပ်အောင်၊ မိဘတွေလည်း ရင်မပူရအောင် သူတို့ရဲ့ သားသမီးတွေအတွက် စိတ်မပူရအောင်လို့ ဥပဒေကို သတ်သတ်မှတ်မှတ် သေသေချာချာ ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ် "ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ပြည်သူတစ်ဦးဖြစ်သည့် ကိုလမင်းဝင်းအောင်က ပြောသည်။

လက်ရှိတွင် ဗစ်တိုးရီးယားအမှုမှာ လူထုစိတ်ဝင်စားမှု မြင့်တက်နေသည့် သက်ငယ် လိင်ပိုင်ဆိုင်ရာ အကြမ်း ဖက်ခံရမှု အမှုတစ်ခုဖြစ်ပြီး သက်ဆိုင်ရာ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ မြင့်တက်နေသည့် အမှုတစ်ခုလည်းဖြစ်သည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၄ ရက်နေ့တွင်  နေပြည်တော် Wsdom Hill မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏  ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီးကို သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီး နေပြည်တော်ရှိ၊ ဒက္ခိဏခရိုင်တရားရုံးတွင် မုဒိမ်းမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ဖြင့် တရားစွဲတင်လိုက်ပြီဖြစ်သည်။

မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် အဆိုပါ ယာဉ်မောင်းဖြစ်သူကို မှုခင်းရဲတပ်ဖွဲ့ (CID)မှ  အချိန် ၁ လကြာ စစ်ဆေးခဲ့ဖူးပြီး တရားစွဲတင်ရန် သက်သေမခိုင်လုံဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့တွင် ပြန်လွှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ဖမ်းဆီး တရားစွဲတင်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly