တစ်နိုင်ငံလုံးတွင် H1N1 ကူးစက်ခံရသူ ၁၅၀ ဦးအထိ ရှိလာ

တစ်နိုင်ငံလုံးတွင် H1N1 ကူးစက်ခံရသူ ၁၅၀ ဦးအထိ ရှိလာ
ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သွားသော အမျိုးသား(၁)ဦး၏ ရုပ်အလောင်းကို  နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာယာဉ်ဖြင့် ဇူလိုင်လ ၄ ရက်နေ့က ရေဝေးသုဿာန် မီးသင်္ဂြိုဟ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးနေစဉ်။ဓာတ်ပုံ - နာရေးကူညီမှုအသင်းရန်ကုန်

ရန်ကုန်၊ ဇူလိုင် ၆ ။          ။ မြန်မာတစ်နိုင်ငံလုံးတွင် H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁၅၀ ဦးနှင့် သေဆုံးသူ ၃၀ ဦးအထိ ရှိလာပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆိုလိုက်သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၅ ရက်နေ့အထိ သံသယလူနာ ၄၂၄ ဦးကို စစ်ဆေးခဲ့ရာ ၁၅၀ မှာ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်နှုန်းသည်  မြင့်တက်လာသောအနေအထားတွင် ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်ခံရသူ ၈၇ ဦးနှင့် သေဆုံးသူ ၂၄ ဦး ဖြင့် အများဆုံးဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

“ ရာသီဥတုနဲ့လည်း ဆိုင်တယ်။ ဒီနှစ်က ရာသီဥတုက အရမ်းပူသွားတာလေ။ ရာသီဥတုပြင်းထန်ရင် သူတို့က ပိုထကြွတယ်။ ပြီးတော့ ရန်ကုန်ရဲ့လူနေမှုပုံစံက အိမ်ကျဉ်းကျဉ်းလေးတွေမှာ နေရတာလေ။ အခု အစ်မတို့ ဖြစ်တယ်ဆိုတာ လှိုင်သာယာမှာ အများဆုံးဖြစ်တယ်” ဟု ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး (ကူးစက်) ဒေါက်တာသက်စုက မဇ္စျိမသို့ပြောသည်။

H1N1 ၏သဘောမှာ အကွာအဝေး ၆ ပေ ကျော်လျှင် မကူးနိုင်သော်လည်း လူနေမှုသိပ်သည်းထူထပ်သည့် အတွက် ရန်ကုန်မြို့တွင် အများဆုံး ကူးစက်ဖြစ်ပွားနေကြခြင်းဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနအနေဖြင့် ဇူလိုင် ၅ ရက်နေ့မှစတင်ကာ လူစည်ကားရာ နေရာများ တွင် လက်ကမ်းစာစောင်များ ဝေခြင်း၊ ဘတ်စ်ကားများပေါ်တွင် စတစ်ကာကပ်ခြင်းများ ပြုလုပ်နေပြီး ပိုစတာများလည်း ကပ်၍ အသိပညာပေးနိုင်ရန်ကြိုးပမ်းနေကြောင်း ဒေါက်တာသက်စုက ဆိုသည်။

အလားတူ ဧရာဝတီတိုင်းတွင် ကူးစက်ခံရသူ ၇ ဦးနှင့် သေဆုံးသူ ၃ ဦး၊ စစ်ကိုင်းတိုင်းတွင် ၄ ဦး ကူးစက်ခံထားရပြီး ၂ ဦး သေဆုံးခဲ့ကာ မွန်ပြည်နယ်တွင် သေဆုံးသူ ၁ ဦး ရှိကြောင်း သိရသည်။

ထို့အပြင် ကူးစက်ခံရသူ များပြားလာခြင်းမှာ စက်ပစ္စည်းများရှိလာပြီး ရောဂါရှာဖွေမှုကို ပိုမို လုပ်ဆောင်နိုင်သောကြောင့်ဟုလည်း ဒေါက်တာသက်စုက ပြောသည်။

H1N1 ကြောင့် နေ့စဉ်သေဆုံးလူနာအများစုသည် နာတာရှည်ရောဂါ ခံစားနေရသူများဖြစ်ပြီး သာမန်လူများအနေဖြင့် စနစ်တကျ ဆေးဝါးကုသပါက သေဆုံးနိုင်ခြေ အလွန်နည်းသောကြောင့် မစိုးရိမ်ကြရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှမှ ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်အရ အဆိုပါတုပ်ကွေးရောဂါမှာ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွား နေပြီး ၂၀၁၉ နှစ်အစပိုင်းမှ ဇွန်လကုန်အထိ တရုတ်တွင် ရှစ်သောင်းကျော်၊ အိန္ဒိယတွင် လူရှစ်ထောင်နီးပါး၊ ဘရာဇီးတွင် တစ်ထောင်ကျော်၊ ဘင်္ဂလားဒေ့ရှ်တွင် ခုနှစ်ရာကျော်နှင့် ထိုင်းတွင် ခြောက်ရာကျော် ကူးစက်ဖြစ်ပွားနေကြောင်း  မြန်မာနိုင်ငံတွင် လူတစ်ရာကျော် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly