မွေး/ရေ နှင့် ကျေးလက်ဝန်ကြီးဌာန ကြွေးကျန် ကျပ်သန်း နှစ်သောင်းငါးထောင်ကိုးရာကျော်ရှိ

မွေး/ရေ နှင့် ကျေးလက်ဝန်ကြီးဌာန ကြွေးကျန် ကျပ်သန်း နှစ်သောင်းငါးထောင်ကိုးရာကျော်ရှိ

အောက်တိုဘာ ၁၀ ရက်  ။                 ။ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ အကြွေးဆပ်ရန် ကျန်ရှိနေသည့် လုပ်ငန်းရှင် ၂၉ ဦး ရှိသည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အောက်တိုဘာ ၉ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြလိုက်သည်။

လုပ်ငန်းရှင် ၂၉ ဦးဟုဆိုသော်လည်း အမည်တူ၊ ဘမည်တူ၊ နေရပ်တူ၊ မှတ်ပုံတင်နံပါတ်တူ ဦးမင်းသိမ်း ဆိုသူမှာ ကြွေးကျန်ပမာဏမတူ နှစ်ခါခွဲပါနေသဖြင့် ၂၈ ဦးသာဖြစ်သည်ဟု ယူဆနိုင်သည်။

ဇူလိုင်လအတွင်းကလည်း ကြွေးကျန်အများဆုံးသူ ၁၀ ဦး ဟုဆို၍ အမည်များနှင့်တစ်ကွ ဖော်ပြခဲ့သေးသည်။ ယင်းစာရင်း တွင်လည်း ဦးမင်းသိမ်းဆိုသူသည် ကြွေးကျန်ပမာဏမတူ နှစ်ခါပါနေသဖြင့်    ၉ ဦးသာဖြစ်သည်။

အောက်တိုဘာ ၉ ရက်၌ ထပ်မံဖော်ပြသည့် စာရင်းဇယားတွင် ဇူလိုင်လက ဖော်ပြခဲ့သည့် ကြွေးကျန်အများဆုံးလုပ်ငန်းရှင် ၉ ဦးမှ ဦးမင်းသိမ်းအပါအဝင် ၈ ဦး ထပ်မံပါဝင်နေသေးသည်။

ဇူလိုင်လအတွင်း စာရင်းပါ ၉ ဦးမှ ၅၀၆ ဒဿမ ၅၆၁ သန်း ကြွေးကျန်သည့် ဦးခင်စိုးသည် အောက်တိုဘာ ၈ ရက်နေ့အထိ အကြွေးအကျေဆပ်သူလုပ်ငန်းရှင် ၂၆ ဦးအတွင်း ပါသွားခြင်းဖြစ်သည်။

အောက်တိုဘာ ၉ ရက် ထုတ်ပြန်စာရင်းအရ အကြွေးကျန်သူအဖြစ် နံပတ်စဉ် ၂၉ ဦးတပ်ထားသော်လည်း ဘအမည်တူ၊ နေရပ်တူ၊ မှတ်ပုံတင်နံပတ်တူ ဦးမင်းသိမ်း နှစ်ခါပါနေသဖြင့် ၂၈ ဦးသာဖြစ်သည်။ ထို့ကြောင့် စာရင်းနှစ်ခုအရ ဝန်ကြီးဌာန အား အကြွေးပေးရမည့်လုပ်ငန်းရှင် ၅၄ ဦးဖြစ်သွားသည်။

အောက်တိုဘာ ၉ ရက် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်သည့် စာရင်းဇယားအရ ရန်ကုန်မြို့ ဗဟိုစည်ရိပ်သာနေ ဦးမင်းသိမ်းသည် အကြွေးအများဆုံးဆပ်ရမည့်သူဖြစ်ပြီး ကျပ်သန်းပေါင်း တစ်သောင်းတစ်ထောင်ကျော် ရှိသည်။

ဇူလိုင်စာရင်းမှ အကြွေးအများဆုံး ၈ ဦးမှ ဗဟိုစည်အိမ်ရာမှ ဦးမင်းသိမ်း၊ ညောင်တုန်း အစာစပ် စက်ရုံ ဖြိုးဧရာကုမ္ပဏီမှ ဦးသုတရွှေနှင့် ဦးလှမြင့်အောင်၊ ပြည်ကြီးတံခွန် စက်မှုဇုန် ၂ မန္တလေး

စိန်စိန်တိုးဆီစက်မှ ဦးမိုး၊ ရွှေဘုံသာလမ်း မြပန်းခက် ကုမ္ပဏီမှ ဦးမျိုးမင်းသိမ်းတို့၏ အောက်တိုဘာစာရင်း၌ အကြွေးပမာဏများ အနည်းငယ်စီ လျော့သွားသည်။

မရမ်းကုန်း သမိုင်း (၁) ရပ်ကွက် ရွှေဘုံစံပွဲရုံ ဦးဇော်ဇော်တိုး၊ တွံတေးမှ ဦးကြည်ဝင်း၊ မရမ်းကုန်း ရွှေထီးအိမ်ရာမှ ဦးဟိန်းဇော်စစ်၊ တိုက်ကြီး ဈေးရပ်ကွက်မှ ဦးမျိုးအောင် တို့၏ အကြွေးပမာဏများမှာ လျော့နည်းသွားခြင်းမရှိဘဲ ဇူလိုင်လ စာရင်းအတိုင်းကျန်ရှိနေသေးသည်။

အောက်တိုဘာ ၉ ရက် သတင်းစာအရ အခြားကြွေးကျန်သူများထဲတွင် အများဆုံးမှာ ၃၉၁ သန်းကျော်နှင့် ထန်းတပင်၊ ပန်းတိုင်ရွာမှ လုပ်ငန်းရှင် ဦးတင်စိုးဖြစ်သည်။ ဒုတိယအများဆုံးမှာ လှိုင်၊ ငုဝါ ၅ လမ်းမှ လုပ်ငန်းရှင် ဒေါ်သဇင်အေးဖြစ်ပြီး ၃၅၇ သန်းကျော်ဖြစ်သည်။ တတိယအများဆုံးမှာ တောင်ဥက္ကလာ ၃ ရပ်ကွက်နေ ရွှေလမင်းဆန်ထွက်ပစ္စည်းရောင်းဝယ် ရေးမှ ဦးရဲထွန်းနိုင်ဖြစ်ပြီး ၃၃၂ သန်းကျော်ပေးရမည်။

ထူးခြားချက်အနေဖြင့် PPA Co,.Ltd ကမာရွတ်နှင့် PPA Co,.Ltd ကျောက်တံတားတို့မှ ဦးကျော်မြင့်ဦးနှင့် ဒေါ်သီတာအေး တို့သည် မောင်နှမများဖြစ်ပြီး နှစ်ဦးပေါင်းလျင် သန်း ၆၀ ခန့်ရှိသည်။

ဇူလိုင်လအတွင်း သတင်းစာပါစာရင်း၌ ကြေးွကျန်အများဆုံးသူ ၉ ဦး ပေါင်းလျင် ကျပ် သန်းပေါင်း နှစ်သောင်းငါးထောင် ခြောက်ရာခန့်ရှိခဲ့သည်။

အောက်တိုဘာ ၉ ရက်စာရင်းအရ စုစုပေါင်း ကြွေးကျန် ၂၈ ဦးမှ ငွေ ကျပ်သန်းပေါင်း နှစ်သောင်းငါးထောင်ကိုးရာကျော် ရှိသည်။

ကြွေးကျန်သူများအနေဖြင့် 'အမြန်ဆုံးပေးသွင်းကြပါရန်' ဟုသာ ဝန်ကြီးဌာနက အသိပေးကြေညာထားပြီး ပေးသွင်းရမည့် နေ့ရက်နှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိသည်ကိုလည်း   တွေ့ရသည်။

ကြွေးကျန်လုပ်ငန်းရှင်များအား ၁၉၆၃ ခု အများနှင့်သက်ဆိုင်သောပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ (အပက-၃) အရ တစ်သက်တစ်ကျွန်းဖြစ်စေ၊

၁၀ နှစ်အောက်မနည်းသည့် ထောင်ဒဏ်ဖြစ်စေ စီရင်ခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်းခံရမည်ဟုလည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ထည့်သွင်းကြေညာထားသည်။

၁၉၅၁ ခု ရာဇဝတ်ပြင်ဆင်ချက် အက်ဥပဒေအရ ကြွေးကျန်များ၏ ပိုင်ဆိုင်မှုများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်းမည်ဟုလည်းဆိုသည်။

ဇူလိုင်လအတွင်း နိုင်ငံပိုင်သတင်းစာပါ သတင်းစဉ်အရမူ ကြွေးကျန်သူများနှင့် ပတ်သက်၍ တရားရုံးတင်ပြီး (၂) မှုနှင့် တရားရုံးတင်ရန် ဆောင်ရွက်နေဆဲ (၅၁) မှု ရှိကြောင်း သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် အစိုးရအား အများဆုံးပေးသွင်းရန်ကျန်သည့် ဝန်ကြီးဌာနဖြစ်ပြီး ငွေကျပ် ၃၁ ဒဿမ ၇၉၃ ဘီလီယံရှိသည်ဟု ဇူလိုင်လအတွင်း   နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly