ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသည့် နေပြည်တော် ရှိ Wisdom Hill မူကြိုကျောင်းကို အစိုးရမှ ပိတ်သိမ်းမည်

ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားသည့် နေပြည်တော် ရှိ Wisdom Hill မူကြိုကျောင်းကို အစိုးရမှ ပိတ်သိမ်းမည်
Wisdom Hill မူကြိုကျောင်းအား ဇူလိုင်လ အစာပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

နေပြည်တော်၊ ဇူလိုင် ၅ ။           ။ နေပြည်တော်တွင် တရားမဝင် ခွင့်ပြုချက် မရရှိထားဘဲ ဖွင့်လှစ်ထားသည့် Wisdom Hill မူကြိုကျောင်းကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“မူကြိုကျောင်းက သူတို့ဖွင့်နေတဲ့အချိန်မှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတာ Without ပဲ၊ တရားမဝင်ကျောင်းဖြစ်တဲ့အတွက် အဲဒီ တရားမဝင် သင်နေတာကို ကျွန်တေ်ာတို့ လိုင်စင်တွေ၊ ဘာတွေ မပေးဘူး။ အဲဒီတော့ အဲဒီကျောင်းက ပိတ်ရမယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ထိုကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေသည်ကို မသိကျိုးကျွံပြုထားခဲ့သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိလူကြီးကိုများကိုလည်း ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောသည်။

“အဲ့လို ခွင့်ပြုချက်မရဘဲ ဖွင့်ထားတာကို မသိကျိုးကျွံပြုတဲ့ လူမှုဝန်ထမ်းအရာရှိတွေကို ကျွန်တော်တို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြောထားပါတယ်။ ဖော်ထုတ်ပါ။ ကျွန်တော်တို့ အရေးယူမယ်”ဟု ၄င်းကပြောသည်။

ယနေ့ ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်  သတင်းထောက်များ၏ မေးမြန်းမှုကို ဦးဇော်ဌေးက ယင်းသို့ အချက် ၂ ချက်အား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Wisdom Hill မှ မူကြိုကျောင်းအပြင်  အလယ်တန်းမှ အထက်တန်း (ဒသမတန်း)အထိ ဖွင့်လှစ်ထားသည့်ကျောင်းကိုလည်း ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဥပဒေများနှင့် ညီ၊ မညီ စစ်ဆေးသွားမည်ဖြစ်သည်။

ထိုကဲ့သို့ စစ်ဆေးသွားရန် အတွက် နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီးဌာနသို့ ညွန်ကြားထားပြီဖြစ်ကြောင်း ထပ်မံသိရသည်။

အဆိုပါ ကျောင်းအပေါ်စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်ကာ “တချို့လည်း Black List (အမည်ပျက်စာရင်း) လုပ်သင့်ရင်လုပ်မယ်။ Black List လုပ်သင့်တော့ ဒီလူကို ဒီလုပ်ငန်းမှာ နောက်လုပ်ခွင့်မပေးတော့ဘူး။ ဒါကတော့ ကျွန်တော်တို့ ဆွေးနွေးနေတုန်း”ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ မူကြိုကျောင်းတွင် တက်ရောက်နေသည့် အသက် ၂ နှစ်နှင့် ၁၁ လ အရွယ် ကလေးတစ်ဦး လိင်အကြမ်းဖက်ခံရမှုဖြစ်ပေါ်ပြီးနောက် ယင်းသို့ စစ်ဆေးတွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly