“ကိုယ်မွေးထုတ်ထားတဲ့ သားသမီးကို သိန်းတစ်သောင်းပဲ ပေးပေး၊ တစ်ထောင်ပဲ ပေးပေး မလဲနိုင်ပါဘူး”

“ကိုယ်မွေးထုတ်ထားတဲ့ သားသမီးကို သိန်းတစ်သောင်းပဲ ပေးပေး၊ တစ်ထောင်ပဲ ပေးပေး မလဲနိုင်ပါဘူး”

နေပြည်တော်(ဇူလိုင် ၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ Wisdom Hill မူကြိုကျောင်းမှ  အသက်သုံးနှစ်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက်  မူကြိုကျောင်းကြီးကြပ်ရေးမှူး ဆရာမ ဒေါ်ဥမ္မာလှိုင်၏ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက် ၂၉နှစ်အရွယ် အောင်ကျော်မျိုး(ခ)အောင်ကြီးကို ပုဒ်မ ၃၇၆ ဖြင့် ဇူလိုင် ၄ရက်နေ့က တရားစွဲဆိုထားသည်။ အဆိုပါ အောင်ကျော်မျိုး(ခ)အောင်ကြီးသည်  မှုခင်းဖြစ်ပွားသည့်  မေလ ၁၆ရက်နေ့တွင်  ဒေါ်ဥမ္မာလှိုင်ထံ စတင် အလုပ်ဆင်းခဲ့သူ ဖြစ်သည်။  

အမှုအခြေအနေနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် အောင်ကျော်မျိုး(ခ)အောင်ကြီး၏ ဖခင်နှင့် မဇ္စျိမသတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြထားခြင်း ဖြစ်သည်။

မေး။ ။ ပထမဆုံးအနေနဲ့ ဦးတို့ရဲ့ သားအကြောင်း ပြောပြပါလား။ သူက ဘယ်လို လူမျိုးလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော့သားကတော့  အေးအေးဆေးဆေး နေတတ်တဲ့လူမျိုးပါ။ သူက စိတ်ညစ်လည်း ခံတာ မဟုတ်ဘူး။ ကျန်းမာရေးအနေအထားလည်း အားလုံးကောင်းတယ်။ အေးအေးဆေးဆေး နေတတ်တဲ့သူ။ လမ်း၊ ရပ်ကွက်ကလည်း သူ့ကို ချစ်ကြတဲ့သူတွေ များပါတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်။

မေး။ ။  ကျောင်းကြီးကြပ်ရေးမှူး ဆရာမ ဥမ္မာလှိုင် ဆီမှာ အလုပ်ဘယ်လို ဝင်ဖြစ်သွားတာလဲ။

ဖြေ။ ။ မေလ ၁၅ရက်နေ့ကပေါ့နော်။ ကျွန်တော့ရဲ့ တူပေါ့။ သူနဲ့ဆိုရင်တော့ ညီအစ်ကို တစ်ဝမ်းကွ တော်ပါတယ်။ ဆရာမ ဒေါ်ဥမ္မာက ယာဉ်မောင်းတစ်ယောက် လိုလို့ပါလို့ ပြောလို့ ကျွန်တော့တူလေးက ‘ကိုကြီးမောင်းမလား   Wisdom Hill က ကျောင်းအုပ်ဆရာမကြီး(အမှန်တစ်ကယ်မှာ ကျောင်း၏ ကြီးကြပ်ရေးမှူး ဆရာမ ဖြစ်ပါသည်) ရဲ့ ကားကို မောင်းရမယ်’ ဆိုပြီး လာပြောလို့ ကျွန်တော်လည်း နီးနီးနားနား ရှိတယ်ဆိုလို့ မင်းမောင်းချင်ရင် မောင်းလိုက်။ ပေါ့ပေါ့ပါးပါးလေး ဖြစ်တယ်ဆိုပြီးတော့ ပြောလိုက်တာ။ အဲ့တော့ ၁၅ရက်နေ့ညက ဆရာမဒေါ်ဥမ္မာလှိုင်ဆီကို  ကျွန်တော်တူနဲ့ ကျွန်တော်သားနဲ့က သွားပြီးတော့ ပြောတယ်။  အဲ့ဒါနဲ့ ဆရာမ ဒေါ်ဥမ္မာလှိုင်က မနက်ကျရင် လိုက်ခဲ့ဆိုပြီးတော့ မှာတာပေါ့နော်။ အဲ့တော့ မနက်ကျတော့ ကျွန်တော်သားက ရနာရီခွဲလောက်ကို တိုက်ရှေ့ကပဲ စောင့်ပြီးတော့ သူ့ကားနဲ့ လိုက်သွားကြတယ်။

မေး။ ။ အဲ့ဒါ ၁၆ရက်နေ့(အမှုဖြစ်တဲ့နေ့)လား။

ဖြေ။ ။ ဟုတ်တယ်။ အဲ့ဒီ ၁၆ရက်နေ့ကပဲ သူအလုပ်စဆင်းတယ်။

မေး။ ။ အဲဒီနေ့က ဘယ်အချိန် သူအိမ်ပြန်လာလဲ ။  

ဖြေ။ ။ အဲဒီနေ့ ညနေပိုင်းက  ၆နာရီ၊ ၆နာရီ ၁၅ မိနစ်လောက် ပြန်လာပါတယ်။

မေး။ ။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ မိဘတွေကို ကိုအောင်ကြီးက ဘာများပြောသေးလဲ။

ဖြေ။ ။ အမှုနဲ့ပတ်သက်ပြီးတော့ သားကတော့ မဟုတ်တာကို မဟုတ်ဘူးပဲ ပြောတယ်ပေါ့နော်။ ဒီကိစ္စ သားလည်း မဟုတ်ဘူး၊ သားလည်း မသိဘူး။ ဆရာမခေါ်လို့သာ သားက ဝင်သွားတယ်။ စီဒီခွေ လာယူပါဆိုလို့ သားဝင်သွားတယ်။ ကားမလာသေးလို့ သားအဲဒီ ဆိုဖာခုံလေးမှာ ထိုင်နေတယ်။ ဆရာမ ထိုင်ခိုင်းလို့ ထိုင်နေတယ်။ ကားလည်းလာရော သားက ထွက်ပြီးတော့ ဆရာမယောက်ျားကားနဲ့ပဲ ပြန်လာတယ်ပေါ့နော်။ အဲ့ဒါပဲသိတော့ သားအဲ့ဒါပဲ ပြောတယ်။ ဒါပဲ မေးလို့ သားဒါပဲ ဖြေတယ်လို့ ပြောတယ်။

မေး။ ။ အဲ့တော့ သူ မကျူးလွန်ဘူးလို့ ပြောတာလား။

ဖြေ။ ။ ပြောပါတယ်။ သူ မကျူးလွန်ဘူး၊ သူ မလုပ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ သားလုံးဝ မဟုတ်ဘူး။ လုပ်စရာလည်း အကြောင်းမရှိဘူးလို့ ကျွန်တော်တို့ မိဘတွေကို သူ ရဲရဲဝံ့ဝံ့ ပြောတယ်။

မေး။ သူကို  ရဲ(စီအိုင်ဒီ)ဘက်က မေလ ၃ဝရက်နေ့က ခေါ်စစ်တယ်။ ဇွန် ၂၄မှာ သူ့ကို ပြန်လွှတ်တယ်။ အဲ့ဒါက ဘာကြောင့် ပြန်လွတ်တာလဲ။ DNA တွေဘာတွေလည်း စစ်တယ်လို့ သိရတယ်။ အဲ့ အခြေအနေလေး ပြောပြပါလား။

ဖြေ။ ။ အဲနေ့က သူအဖမ်းခံရပြီးတော့ ၁၁ရက်နေ့ကျတော့ ရမန်တစ်ပတ်ပြည့်သွားတယ်။ ပြည့်ပြီးတော့ နောက်တစ်ပတ် စီအိုင်ဒီ လက်ထဲရောက်သွားတော့ စီအိုင်ဒီက အမှု မပြတ်သေးလို့၊ စစ်ဆေးချက် မပြည့်စုံသေးတဲ့အတွက်ကြောင့်မို့ နောက်တစ်ပတ် ထပ်ယူပါမယ်ဆိုတော့ စီအိုင်ဒီကနေပြီးတော့ နှစ်ပတ်ဖြစ်သွားတာပေါ့နော်။ စီအိုင်ဒီက ၂၃ရက်ညမှာ ဗိုလ်ကြီးတစ်ယောက်ကနေပြီးတော့ ကျွန်တော်တို့ မနက်ကျရင် လွှတ်ပေးပါမယ်။ အဘတို့ မနက်ကျရင် ဘယ်သူတွေ ပါလာမှာလဲ။ အဲ့ဒါလေးကို လှမ်းမေးတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့ အမျိုးသမီးရယ်၊ ကျွန်တော့သမီးရယ် ပါမယ်ဆိုတော့ ကောင်းတယ်ပေါ့နော်။ ‘အဲ့ဒါဆို ကောင်းတယ်။ ကျွန်တော်တို့က လူမသိစေချင်ဘူး။ လူတွေ သိသွားရင် ပွနေလို့ အဲ့တော့ အမေကြီးတို့၊ အဘတို့ပဲ လာခဲ့ပါပေါ့။ ကျွန်တော်တို့ စခန်းကို ၈နာရီခွဲလောက် ရောက်အောင် လာခဲ့ပါ’ ဆိုတော့ ‘ဟုတ်ကဲ့ပါခင်ဗျ၊ ကျွန်တော်တို့ လာခဲ့ပါ့မယ်’ ဆိုပြီး ကျွန်တော်တို့ ၂၄ရက်နေ့မနက် ၈နာရီခွဲကျတော့ မြို့မရဲစခန်းကို ရောက်ပါတယ်။ သူတို့ စီအိုင်ဒီအဖွဲ့က ၉နာရီခွဲလောက် ရောက်လာကြတယ်။ ရောက်လာကြပြီး ကျွန်တော်တို့ကို စခန်းမှာ လက်မှတ်ထိုးခိုင်းတာပေါ့နော်။ လက်မှတ်ကို ကျွန်တော်ကြည့်တော့ လိုအပ်ရင် ခေါ်ယူစစ်ဆေးခွင့်ပြုပါ ဆိုတော့ ပြုနိုင်ပါသည်ဆိုပြီးတော့ ကျွန်တော်တို့ မိဘတွေ လက်မှတ်ထိုးတယ်။ ထိုးပြီးတော့ ‘အဘ လာလိုက်ခဲ့၊ တရားရုံးမှာ လုပ်ထားတဲ့အတွက် တရားရုံးမှာ ပြန်လွှတ်ရတာပေါ့။ တရားရုံးမှာပဲ ရမန်ယူထားတော့ တရားရုံးမှာပဲ ပြန်ပြီးတော့ လွှတ်ရမယ် ဆိုပြီးတော့  သူ့ကားနဲ့ ခေါ်တယ်။ အောင်ကျော်မျိုးကိုတော့ သူ့ကားနဲ့ ခေါ်ပြီးတော့ ကျွန်တော်က ကားပါတယ်၊ နောက်က လိုက်မယ်ဆိုပြီးတော့ အဲဒါနဲ့ နောက်က လိုက်သွားတယ်။

မေး။ ။ အဲ့ဒါက ဘယ်တရားရုံးလဲ

ဖြေ။ ။  ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာပါ။

မေး။ ။ တရားရုံး ရောက်တော့ ဘာတွေ ဆက်လုပ်ရလဲ။

ဖြေ။ ။ တရားရုံးကို ကျွန်တော့သားနဲ့ ရဲနှစ်ယောက်နဲ့ တရားသူကြီးဆီ သွားတဲ့အခါကျတော့ တရားသူကြီးက ပြန်ထွက်လာတယ်။ စာရွက်တစ်ရွက်ကျန်ခဲ့လို့တဲ့။ ကျွန်တော်တို့ကို ‘အန်ကယ်လ်နဲ့ အဒေါ် ဘာမှမပူနဲ့၊ အဲ့မှာ ထိုင်စောင့်နေ။ ကျွန်တော်တို့ ခနပြန်ဝင်ဦးမယ်’ ဆိုပြီးတော့ စာရွက် ပြန်ယူဦးမယ်ဆိုပြီးတော့ သူတို့ ပြန်ထွက်သွားတယ်။ ကလေး(အောင်ကျော်မျိုး)ကိုပါ ခေါ်ပြီးတော့ သူတို့ကားနဲ့ ပြန်သွားတယ်။ ၁၁နာရီခွဲလောက်မှာ ပြန်ရောက်ပြီးတော့ တရားရုံးမှာ သူ့အမှုတွဲ တင်တယ်။ တင်တဲ့အချိန်မှာ တရားသူကြီးကနေပြီးတော့ ဒါကို သူဖတ်ပြတယ်ပေါ့နော်။ DNA လည်း မတူဘူး။ သက်သေရဲ့ထွက်ချက် ခိုင်လုံမှု မရှိတဲ့အတွက်ကြောင့် မင်းကို ပြန်လွှတ်လိုက်သည် ဆိုပြီတော့ သူ့ကို အမိန့်ပေးပြီး ပြန်လွတ်လိုက်တယ်။ လွတ်လာပြီး အပြင်ရောက်တော့ ကျွန်တော်နဲ့ စီအိုင်ဒီက ဗိုလ်ကြီးတို့နဲ့ စကားပြောတာပေါ့နော်။ ဗိုလ်ကြီးတို့ကလည်း နှစ်သိမ့်တယ်။ ကျွန်တော်တို့က အစောကြီးကတည်းက သိပါတယ်။ ဒီကလေး(အောင်ကျော်မျိုး)ဟာ မဟုတ်ဘူးဆိုတာ သိတယ်။ ကုသိုလ်ကံ မကောင်းလို့ ကံနိမ့်လို့သာ ဖြစ်သွားရတာပါပေါ့။ အဲ့ဗိုလ်ကြီးက ကျွန်တော်တို့ကို နှစ်သိမ့်ပါတယ်။ နောက်တစ်ခုကလည်း ဒီဟာကို ဘယ်သူမှ မသိစေနဲ့  ပြန်လွတ်တာကို ဘယ်သူမှ မသိပါစေနဲ့။ မိသားစုက လွဲရင်ပေါ့နော်။ ပတ်ဝန်းကျင် သိရင် ပွနေပါမယ်ပေါ့နော်။ သူ့ကိုလည်း အပြင်မထွက်ပါနဲ့လို့ ပြောတယ်။

မေး။ ။ အခု ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ငွေပေး ကမ်းလှမ်းခံရတယ် ဆိုပြီးတော့ ကောလဟာလတွေ အပေါ်မှာကော ဘယ်လိုများ တုံ့ပြန့်ချင်လဲ။

ဖြေ။ ။ ကိုယ်မွေးထုတ်ထားတဲ့ သားသမီးကို  သိန်းတစ်သောင်းပဲ ပေးပေး၊ တစ်ထောင်ပဲ ပေးပေး မလဲနိုင်ပါဘူး။ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ တင်တဲ့သူကို ကျွန်တော် တိုက်ရိုက် ပြောချင်ပါတယ်။

မေး။ ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အကြီးအကဲတွေကို ဘာများ ပြောချင်တာ ရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ဘက်မှာလည်း အင်အားလည်း မရှိ၊ တောင့်တင်းမှုလည်း မရှိဘူး။ သွားဖို့လာဖို့လည်း မသွားတတ်၊ မလာတတ် ဆိုတော့ တတ်နိုင်ရင် ကျွန်တော်တို့ကို နိုင်ငံတော်အကြီးအကဲ၊ သမ္မတကြီးကအစ အကုန်လုံး ကူညီပါလို့(ငိုလျက်) ပြောချင်ပါတယ်။ ကျွန်တော့်သားလေးက ကံနည်းတာပါဗျာ။ ဒီလို အကျင့်စာရိတ္တလည်း ဘယ်တော့မှ မရှိပါဘူး။ ခိုးဆိုးလုယက်မှုလည်း လုံးဝ မရှိဘူး။ အေးအေးဆေးဆေးနေတဲ့ ကောင်လေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly