ရေခြားမြေခြားမှာ မြန်မာပြည်က အစားအသောက်များကို သတိရနေသည့် အန်တိုနီယာ

ရေခြားမြေခြားမှာ မြန်မာပြည်က အစားအသောက်များကို သတိရနေသည့် အန်တိုနီယာ

မြန်မာနိုင်ငံ၏ပထမဆုံးအမျိုးသမီးကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားအန်တိုနီယာအကြောင်းပြောမည်ဆိုလျှင်၎င်းမွေးဖွာခဲ့ရာဒေသကို ဦးစွာဖော်ပြရန်လိုအပ်ပါသည်။ထို့နောက်၎င်း၏ရှင်သန်ကြီးထွားရာအရပ် မှတစ်ဆင့် အိပ်မက်များအတွက် အကောင်အထည်ဖော်မှုကိုဖော်ပြရမည်ဖြစ်သည်။ လူတိုင်းလူတိုင်းသည် ရှင်သန်ရာအပြင် စိတ်ကူးအိပ်မက်မျိုးစုံကို ရည်မှန်းချက်ထားကာအကောင်အထည်ဖော်ရင်ဘဝကိုဖြတ်သန်းကြသည်။

ထိုမှတစ်ဆင့် ဘဝ၏ ရေကြည်ရာမြက်နုရာအတွက် နေရာဒေသအစုံတွင် ဖြတ်သန်းမှုပေါင်းစုံဖြင့် ဘဝကိုဖြတ်သန်း နေကြရခြင်းသာဖြစ်သည်။ ထိုသူများထဲတွင် ရည်မှန်းချက်များကို အကောင်အထည်ဖော်နေသူ အန်တိုနီယာလည်း အပါအဝင်ဖြစ်ပြီး ၎င်း၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားအတွက် အင်ဒိုနီးရှားနိုင်ငံရှိ BALI MMA Gym တွင် သွားရောက် လေ့ကျင့်နေရသူဖြစ်သည်။

ကိုယ်ခံပညာ အားကစားသမားတစ်ဦးအဖြစ် နိုင်ငံတကာစင်မြင့်ထက်တွင် စတင်ယှဉ်ပြိုင်ရသော ကာလမှ စတင်ကာ အန်တိုနီယာသည် အမိမြေသို့ ပြန်လည်ရောက်ရှိနေချိန်မှာ အလွန်နည်းခဲ့ပြီး ၄င်း၏ ရည်မှန်းချက်အတွက် ရေခြားမြေခြားတွင်သွားရောက် နေထိုင်လေ့ကျင့်နေရသူဖြစ်သည်။

အန်တိုနီယာသည် ပြည်တွင်းပြိုင်ဘက်ဖြစ်သည့် ရွှေစင်ကို ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲမှာပင် အနိုင်ရခဲ့ပြီးနောက် ခက်ခဲသောပြိုင်ဘက်များ အနာဂတ်တွင် စောင့်နေကြိုနေကြောင်း ရိပ်စားသိမြင်ခဲ့ပြီးနောက် ၂ဝ၁၈ ခုနှစ်မတ်လတွင် အင်ဒိုနီးရှားနိုင်ငံရှိ BALI MMA သို့သွားရောက်လေ့ကျင့်ခဲ့ပြီး လက်ရှိ အချိန်ထိဆိုလျှင် ၁ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် နေထိုင်နေရသည့် အချိန်များတွင် အမိမြန်မာပြည်ကို လွမ်းဆွတ်နေသလို မြန်မာပြည်က မိခင်အစားအသောက်များကိုလည်း သတိတရရှိနေကြောင်းဖွင့်ခဲ့သည်။

တောင်ပေါ်ဒေသတွင်ကြီးပြင်းခဲ့သူ အန်တိုနီယာသည် မြေပြန့်ဒေသနှင့် မတူညီသော စားသောက်ဖွယ်ရာများကို သဘောကျနှစ်ခြိုက်တတ်သူဖြစ်သလို မြေပြန့်မှ လှိုင်လှိုင်ထွက်ပေါ်တတ်သော စားသောက်ဖွယ်ရာများကိုလည်း ကြိုက်နှစ်သတ်သူဖြစ်သည်။ ယခုအချိန်အခါသည် မိုးဦးကာလဖြစ်ပြီး ယင်းရာသီဥတုနှင့်တူ ရာသီပေါ်သီးနှံများ ပေါများသည့် ကာလ ဖြစ်သည်။

''ဒီအချိန်မှာတော့ 'အင်ဥ'လေးတွေကို လွမ်းပါတယ်။ ချက်စားစား၊ ကြော်စားစား ရာသီစာဖြစ်တဲ့အတွက် သတိရတယ်။''ဟု အန်တိုနီယာက မိုးဦးရာသီတွင် ပေါ်ထွက်လာတတ်သည့် အင်ဥ များအကြောင်း ကိုပြောပြခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ငယ်ဘဝကိုဖြတ်သန်းခဲ့သူ အန်တိုနီယာသည် အကောင်းမြင်ဝါဒီသမားတစ်ဦးဖြစ်ပြီး ရာသီပေါ်အစားအစားများကိုလည်း သဘောကျနှစ်သတ်သူဖြစ်သည်။

''ကျွန်မဆိုရင် လွိုင်ကော်က ထွက်လာတာကြာပြီလေ။ဘဝအတွက် ကြိုးစားတယ်။ ရည်မှန်းချက်အရေးအကြီးဆုံးဖြစ်တာကြောင့် သတိရမိတဲ့အရာတွေလည်းရှိပါတယ်''ဟု အန်တိုနီယာကဆက်လက်ပြောကြားခဲ့သည်။

ကယားပြည်နယ်သည် ဒေသထွက် ကယားဝက်အူချောင်းမှာ မြန်မာနိုင်ငံအနှံထင်ရှားသော အစားအစာတစ်ခုဖြစ်ပြီး လူအများ၏ သဘောကျနှစ်ခြိုက်မှုကို ရရှိထားသော ဒေသထွက်ကုန်တစ်ခုဖြစ်သည်။ ထို့အပြင် တောင်ပေါ်ဒေသထွက် ခေါင်ရည်များ၊ မိုးဦးကာလတွင် ထွက်ပေါ်တတ်သော ရာသီပေါ်သီနှံများမှာလည်း ရေခြားမြေခြားရောက်နေသော သူတစ်ဦးအတွက် လွမ်းဆွတ်သတိရဖွယ်ရာများပင်ဖြစ်သည်။

အန်တိုနီယာသည်နေ့စဉ်(၄)နာရီမှ(၅)နာရီအထိလေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန်ပြုလုပ်နေရသူဖြစ်ပြီးခန္ဓာကိုယ်အတွက်လိုအပ်သောအစားအသောက် ကိုသာပုံစံတကျဖြင့်စားသောက်ကာကိုယ်ခံပညာသိုင်း ပေါင်းစုံအား ကစားသမားဘဝကိုတည်ဆောက်နေသူဖြစ်သည်။ယခုအချိန်အခါသည်အန်တိုနီယာ၏အောင်မြင်သောကိုယ်ခံပညာရှင်တစ်ဦးအိပ်မက်များအတွက်အရေးကြီးသောအစိတ်အပိုင်းများဖြစ်သောအချိန်ကာလတစ်ခုဖြစ်သည်။ထို့အပြင် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များအပြင် ၄င်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာလည်း BALI MMA သို့ရောက်ရှိခါက ၂၀၁၈ခုနှစ် မတ်လနှင့်ယခုအချိန်ကို နှိုင်းယှဉ်လျှင်များစွာ ကွာခြားသွားပြီဖြစ်သည်။

''လက်ရှိကတော့ ဗီယက်နမ်ပြိုင်ဘက်နဲ့ အနီးဆုံးပြိုင်ပွဲရှိပါတယ်။ ဒီပြိုင်ပွဲအတွက်ပဲ အာရုံစူးစိုက်ထားတယ်။အချိန်တွေပေးပြီး လေ့ကျင့်ထားရတာ အလကားဖြစ်လို့မရပါဘူး။ ဒီပွဲပြီးမှပဲ မြန်မာပြည်ကိုပြန်ပြီး ကိုယ်စားချင်တာလေးတွေ ပြန်စားမှာပါပေါ့နော် ''ဟု တိုင်းရင်းသူပီပီ အသံဝဲဝဲဖြင့် အန်တိုနီယာကဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly