ဗစ်တိုးရီးယားအတွက် ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်းနှင့် အင်တာဗျူး

ဗစ်တိုးရီးယားအတွက် ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်းနှင့် အင်တာဗျူး
ဗစ်တိုးရီးယားအတွက် ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်း

ရန်ကုန်၊ ဇူလိုင်လ ၅ ။        ။ နေပြည်တော် Wsdom Hill မူကြိုကျောင်းမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့်  ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် သံသယတရားခံအဖြစ် အဆိုပါ မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏  ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က ဒက္ခိဏခရိုင်တရားရုံးတွင် မုဒိမ်းမှု ပုဒ်မ- ၃၇၆ ဖြင့် ဖမ်းဆီး တရားစွဲ တင်လိုက်ပြီဖြစ်သည်။

“ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်စေလိုပါတယ်။ တရားခံအစစ်ကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ပေးစေလိုပါတယ်”

ထိုသို့ သံသယတရားခံကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲတင်ထားသော်လည်း ဗစ်တိုးရီးယားအမှုကို တရားခံ အစစ်အမှန်ပေါ်ပေါက်ရေး၊ အမှုမှန် ပေါ်ပေါက်စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  သက်ဆိုင်သည့် အဖွဲ့အစည်းများ ပိုမိုတည့်မတ် အားကောင်းလာစေရန်၊ ကလေးသူငယ်များကို လိင်အကြမ်းဖက်မှု ပပျောက်သွားသည့်အထိ တာဝန်ရှိသူများ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေရန်အတွက် ရည်ရွယ်ပြီး ဗစ်တိုးရီးယားအတွက် မူလအစီအစဉ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇူလိုင်လ ၆ ရက်နေ့၊ နံနက် ၉ နာရီမှ စတင်ကာ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြသွားကြမည် ဖြစ်သည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲနှင့် ပတ်သက်ပြီး ဦးဆောင်စီစဉ်သူ တစ်ဦး ဖြစ်သည့် ကိုစောချစ်သက်ထွန်းကို မဇ္စျိမက ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။

မေး။    ။ အကိုတို့ မနက်ဖြန် ဗစ်တိုရီးယားလေးအတွက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ဖို့ အခြေအနေက  ဘယ်လိုဖြစ်သွားပြီလဲ။  ဇူလိုင်လ ၄ ရက်နေ့(မနေ့ကပဲ) ယာဉ်မောင်းကို ဖမ်းဆီးလိုက်ပြီဆိုတော့။

ဖြေ။     ။ ကျွန်တော်တို့က စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်မှာပါ။ အဓိကတော့ ကျွန်တော်တို့ ရည်ရွယ်ချက် ၃ ချက်ရှိပါတယ်။ အဓိကအချက်ကတော့ ဒီ...ဗစ်တိုးရီးယားလေးအမှုမှာ အမှုမှန်၊ တရားခံအစစ်အမှန်နဲ့ အမှုမှန် ပေါ်ပေါက်ရေးပေါ့။ အဲ့ဒါဖြစ်ပါတယ်။ သူတို့(ရဲတပ်ဖွဲ့) ဘယ်သူ့ကိုဖမ်းတာ၊ ဘာလားကတော့ သူတို့ရဲ့ အလုပ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ ကျွန်တော်တို့က မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် အဓိက ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်စေလိုပါတယ်။ တရားခံအစစ်ကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ပေးစေလိုပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့ ဒီ... မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်နေတဲ့၊ စပ်ဆက်နေတဲ့ အဖွဲ့အစည်းတွေကို ပိုမိုတည့်မတ်ပြီးတော့ ပိုမိုအားကောင်းလာစေချင်ပါတယ်။

နံပါတ် ၃ အချက်ကတော့ နောက်ပိုင်းမှာ ဒီ...ကလေးသူငယ်တွေကို လိင်အကြမ်းဖက်မှု ကျွန်တော်တို့နိုင်ငံမှာ ပပျောက်သွားတဲ့အထိ တာဝန်ရှိသူများကနေပြီးတော့ ဆောင်ရွက်ပေးစေလိုပါတယ်။ ကျွန်တော်တို့ အဲ့ဒီ ရည်ရွယ်ချက်တွေနဲ့ ဆက်ပြီးတော့ ကျွန်တော်တို့ လုပ်မှာဖြစ်ပါတယ်။   

မေး။    ။  ဆန္ဒထုတ်ဖော်ဖို့အတွက် စာရင်းရရှိထားတဲ့ အရေအတွက် ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ။     ။ ကျွန်တော်တို့ Event လေးတော့ Facebook မှာ Create လုပ်ထားတယ်။ အဲ့ဒါလေးကတော့ ၆၀၀ ကျော်၊ ၇၀၀ လောက်တော့ရှိပြီ။ စိတ်ဝင်စားလို့ လာမယ်ဆိုပြီးပြောထားတဲ့ လူတွေပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ Event Create ပေါ်ကနေ ကျွန်တော်တို့ ရတာပေါ့။ စိတ်ဝင်စားတဲ့ သူတွေလည်း တော်တော် များပါတယ်။ ကိန်းဂဏန်းအတိအကျတော့ ကျွန်တော်မသိဘူး။

မေး။    ။ အစီအစဉ်ကရော ပြောင်းသွားတာတွေရှိလား။ အရင်ပြောထားတဲ့ အတိုင်းပဲလား။

ဖြေ။     ။ မူလအတိုင်းပဲခင်ဗျား။ ကျွန်တော်တို့ ပြောင်းသွားတာတွေမရှိပါဘူး။ အခု ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း ကျောက်တော်ကြီးဘုရားကနေပြီးတော့ မနက် ၉ နာရီမှာ လူစုမယ်။ ၉ နာရီခွဲမှာ ကျွန်တော်တို့ စထွက်မယ်။ ကျွန်တော်တို့ တင်ပြထားတဲ့ လမ်းအတိုင်းပဲ သွားမယ်။ နောက်ဆုံး အင်းစိန် စီအိုင်ဒီ ရှေ့မှာ ဆုံးမယ်ပေါ့နော်။ ဒီအတိုင်းပါပဲ။

မေး။    ။ လက်ရှိမှာ ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးလိုက်တဲ့ ယာဉ်မောင်းနဲ့ ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ ဒီအခြေအနေကို ဘယ်လို မြင်မိလဲ။

ဖြေ။     ။ အဲ့ဒီဟာအတွက်တော့ ကျွန်တော် ထွေထွေထူးထူး မှတ်ချက်မပေးချင်ပါဘူး။ ကျွန်တော်ကိုယ်တိုင် လည်း ဥပဒေသမားဖြစ်တဲ့အတွက် ဒါကတော့တော့ သူတို့(ရဲတပ်ဖွဲ့) လုပ်စရာရှိတာတွေ သူတို့ လုပ်နေတယ်။ အထူးသဖြင့်ကတော့ ဒါက ရဲတပ်ဖွဲ့က ကိုင်တွယ်နေတာပေါ့လေ။ နောက်ပြီးတော့လည်း အကိုတို့ Facebook ပေါ်တွေမှာတွေ့မှာပါ။ နောက် အပြင်မှာရောက ဝေဖန်မှုတွေ မြင့်တက်နေတယ်။ ကျွန်တော်တို့ ဒီ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်၊ ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်စေချင်တာက အကိုတို့လည်း သိတဲ့အတိုင်းပဲ ကျွန်တော်တို့ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေရဲ့ အခြေအနေကို အားလုံးက အားမလို၊ အားမရ ဖြစ်နေကြတဲ့အချိန်။ အဲ့ဒါလေးကို ပိုမိုအားကောင်းလာဖို့၊ ပိုမိုတည့်မတ်လာဖို့ ကျွန်တော်တို့ ဖိအားပေးတဲ့ ပုံစံမျိုး လည်းဖြစ်တယ်။ အသိပေးတဲ့ အနေနဲ့လည်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းလည်း ဖြစ်တယ်။ အားလုံး၊ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့လည်း အသိပေးခြင်းဖြစ်ပါတယ်။  

ဒါမှမဟုတ်ဘူးဆိုရင် နောက်ပိုင်း ဒီထက်ပိုပြီးတော့ နည်းနည်းလေး ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တဲ့ အရာတွေ ကတော့ ရှိလာနိုင်တယ်။ ပြည်သူလူထုက တရားစီရင်မှုကို မယုံတော့ဘူး။ ဒီ...တရားဥပဒေ စိုးမိုးရေးအဖွဲ့ အစည်းတွေကို မယုံတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက်လည်း မကောင်းဘူး။ လူ့အဖွဲ့အစည်း အတွက်လည်းမကောင်းဘူး။ နောက်ပြီးတော့ နောက်ပိုင်းမှာ ဒီလိုမျိုး ကလေးပေါင်းများစွာအတွက်လည်း အနာဂတ်မှာ စိုးရိမ်ရတဲ့ အနေအထားမျိုးရှိပါတယ်။

မေး။    ။ မနက်ဖြန်(ဇူလိုင်လ ၆ နေ့)မှာ ပြုလုပ်မယ့် ဗစ်တိုးရီးယားလေးအတွက် လှုပ်ရှားမှုက အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်မှာလား။ ဘယ်လို ပုံစံမျိုးလဲ။

ဖြေ။     ။ ကျွန်တော်တို့က ဒါက သာမန်လူထုတစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ပြည်သူအားကို ဖော်ပြီးလုပ်ဆောင်မယ့် လှုပ်ရှားမှုဖြစ်ပါတယ်။ တကယ်လို့ ဖြစ်နိုင်ရင် ကျွန်တော်တို့ လှုပ်ရှားမှုကို ဥပမာ- နိုင်ငံရေးပါတီကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ကသော်လည်းကောင်း လာပြီးတော့ တံဆိပ်ကပ်တာမျိုး အဲ့ဒီလို မဖြစ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်သွားမယ်။ အမှန်တရား အတွက် လာရောက်ပူးပေါင်းမယ်ဆိုရင်လည်း ပြည်သူတစ်ယောက်အနေနဲ့ လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ လာပြီးတော့ ပူးပေါင်းရင်တော့ ကျွန်တော် တို့ လက်မခံပါဘူးဆိုတဲ့ဟာကိုတော့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly