ချဲလ်ဆီးကို ပြိုင်ဆိုင်မှု ပြင်းထန်သည့် အသင်းတစ်သင်းအဖြစ် တည်ဆောက်မည်ဟု နည်းပြသစ် လမ်းပတ် ကြုံးဝါး

ချဲလ်ဆီးကို ပြိုင်ဆိုင်မှု ပြင်းထန်သည့် အသင်းတစ်သင်းအဖြစ် တည်ဆောက်မည်ဟု နည်းပြသစ် လမ်းပတ် ကြုံးဝါး

ဇူလိုင် ၅ ။       ။ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဖရန့်ခ် လမ်းပတ်ကတော့ ၎င်းအနေနဲ့ ချဲလ်ဆီးအသင်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြသစ်ရာထူးအတွက် အသင်းရဲ့ ဂန္ဓဝင် ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လမ်းပတ်ကို သုံးနှစ်စာချုပ်နဲ့ ခန့်အပ်ကြောင်း ဇူလိုင် ၄ ရက်မှာ အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လမ်းပတ်ကတော့ ကစားသမားဘဝ ၁၃ နှစ်တာအတွင်း ဆုဖလားပေါင်း ၁၃ ခု ရရှိထားခဲ့ပါတယ်။ ၎င်းဟာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုးပေါင်း ၂၁၁ ဂိုး သွင်းယူပေးထားခဲ့ပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော်လည်း အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။

သို့ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်လူဟောင်းကတော့ နည်းပြအတွေ့အကြုံက တစ်ရာသီသာ ရှိနေသေးကာ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံရှစ်ကလစ် ဒါဘီကောင်တီကို ကိုင်တွယ်ခဲ့ပြီး ချန်ပီယံရှစ် ပလေးအော့ ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ယင်းဖိုင်နယ်မှာတော့ အက်စတန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၎င်းရဲ့ ဒါဘီအသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ခွင့်  လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ယခုအခါ စတန်းဖို့ဒ် ဘရစ်ချ်ကို ပြန်လာပြီး ချဲလ်ဆီးအသင်းနည်းပြဖြစ်လာတာက ၎င်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ လမ်းပတ်က ပြောသွားပါတယ်။

အလားတူ မကြာသေးမီကမှ ချဲလ်ဆီးရဲ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ အီဒင် ဟာဇက်ကို ဆုံးရှုံးထားရခြင်း၊ အပြောင်းအရွှေ့ လူသစ်ခေါ်ယူမှု ပိတ်ပင်ခံထားရခြင်းတို့ကြောင့် လမ်းပတ်အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းရဖို့ ရှိနေပါတယ်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required