ဗစ်တိုးရီးယားအမှုအတွက် အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီ ရုံးရှေ့ ဆန္ဒပြမည်

ဗစ်တိုးရီးယားအမှုအတွက် အမှုမှန် ပေါ်ပေါက်ရေး စီအိုင်ဒီ ရုံးရှေ့ ဆန္ဒပြမည်

ရန်ကုန်၊ ဇူလိုင်လ ၅ ။        ။ ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံဖြစ်သူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲတင်လိုက်ပြီဖြစ်သော်လည်း အမှန်တရားအတွက် မူလအစီအစဉ်အတိုင်း ပြောင်းလဲမှုမရှိပဲ ရန်ကုန်မြို့၊ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

" ကျွန်တော်တို့က စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်မှာပါ။ အဓိကတော့ ကျွန်တော်တို့ ရည်ရွယ်ချက် ၃ ချက်ရှိပါတယ်။ အဓိကအချက်ကတော့ ဒီ...ဗစ်တိုးရီးယားလေးအမှုမှာ အမှုမှန်၊ တရားခံအစစ်အမှန်နဲ့ အမှုမှန် ပေါ်ပေါက်ရေးပေါ့။ အဲ့ဒါဖြစ်ပါတယ်။ သူတို့(ရဲတပ်ဖွဲ့) ဘယ်သူ့ကိုဖမ်းတာ၊ ဘာလားကတော့ သူတို့ရဲ့ အလုပ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ ကျွန်တော်တို့က မှတ်ချက်မရှိပါဘူး။ ဒါပေမယ့် အဓိက ကျွန်တော်တို့က အမှုမှန်ပေါ်ပေါက်စေလိုပါတယ်။ တရားခံအစစ်ကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ပေးစေလိုပါတယ်"ဟု ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သည့် ကိုစောချစ်သက်ထွန်းက ပြောသည်။

“နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ နောက်မျိုးဆက်များအတွက် လွတ်လပ် လုံခြုံစိတ်ချရ သည့်  လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်ရေး” စသည့် ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် အင်းစိန်၊ မင်းဓမ္မကုန်းရှိ ကျောက်တော်ကြီးဘုရားတွင် လူစုပြီး ယင်းစုရပ်မှ စတင်ထွက်ခွာ ကာ အင်းစိန် CID ရုံးရှေ့ထိ လမ်းလျှောက်ချီတက်ဆန္ဒပြကြမည် ဖြစ်သည်။

နေပြည်တော် Wsdom Hill မူကြိုကျောင်းမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့်  ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်နေ့တွင်  အဆိုပါ မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏  ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက် ၃၀ အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဖမ်းဆီးခဲ့ပြီး နေပြည်တော်ရှိ၊ ဒက္ခိဏခရိုင်တရားရုံးတွင် မုဒိမ်းမှု ပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ဖြင့် တရားစွဲတင်လိုက်ပြီဖြစ်သည်။

မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် အဆိုပါ ယာဉ်မောင်းဖြစ်သူကို မှုခင်းရဲတပ်ဖွဲ့ (CID)မှ  အချိန် ၁ လကြာ စစ်ဆေးခဲ့ပြီးနောက် တရားစွဲတင်ရန် သက်သေမခိုင်လုံဟုဆိုကာ ဇွန်လ ၂၄ ရက်နေ့တွင် ပြန်လွှတ်ခဲ့သေးသည်။

" မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်နဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်နေတဲ့၊ စပ်ဆက်နေတဲ့ အဖွဲ့အစည်းတွေကို ပိုမိုတည့်မတ်ပြီးတော့ ပိုမိုအားကောင်းလာစေချင်ပါတယ်။ ကလေးသူငယ်တွေကို လိင်အကြမ်းဖက်မှု ကျွန်တော်တို့နိုင်ငံမှာ ပပျောက်သွားတဲ့အထိ တာဝန်ရှိသူများကနေပြီးတော့ ဆောင်ရွက်ပေးစေလိုပါတယ်။ ကျွန်တော်တို့ အဲ့ဒီ ရည်ရွယ်ချက်တွေနဲ့ ဆက်ပြီးတော့ ကျွန်တော်တို့ လုပ်မှာဖြစ်ပါတယ်"ဟု ကိုစောချစ်သက်ထွန်းက ထပ်မံပြောကြားသည်။

ယခု ဆန္ဒထုတ်ဖော်မှုသည် သာမန်လူထုတစ်ယောက်ချင်းစီ၏ စုပေါင်းလှုပ်ရှားမှု ဖြစ်ပြီး လှုပ်ရှားမှုကို နိုင်ငံရေး ပါတီများ အဖွဲ့အစည်းများက  တံဆိပ်ကပ်ချင်းမျိုး  မဖြစ်စေရန် အတွက် ဦးဆောင်သူများက အတတ်နိုင်ဆုံးလုပ်ဆောင်နေကြကြောင်းနှင့် အမှန်တရားအတွက် လာရောက် ပူးပေါင်းသူများ အနေဖြင့် ပြည်သူတစ်ယောက်အနေနှင့်သာ လာရောက်ရန် ကိုစောချစ်သက်ထွန်းက မေတ္တာ ရပ်ခံထားသည်။

ဆန္ဒပြပွဲကို ကိုအောင်ထိုက်မင်း၊ ကိုကြည်မင်းဟန်၊ ကိုစောချစ်သက်ထွန်းတို့က ဦးဆောင်ပြီး ဆန္ဒပြမည့်သူများ အနေဖြင့် မည်သည့်အသင်းအဖွဲ့၊ နိုင်ငံရေးပါတီကိုမျှ ကိုယ်စားပြုခြင်းမရှိကြောင်း ကြေညာထားကာ အကျႌ အဖြူရောင် ဝတ်ဆင်လာရန် နှိုးဆော်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly