နည်းပြ ဆမ်အလာဒိုက်စ်ကို ဆန်းဒါးလန်းအသင်း နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်

နည်းပြ ဆမ်အလာဒိုက်စ်ကို ဆန်းဒါးလန်းအသင်း နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်

အောက်တိုဘာ ၁၀၊ ဆန်းဒါးလန်း ။                ။ ဆန်းဒါးလန်းအသင်းသည် ဝါရင့်နည်းပြကြီး ဆမ်အလာဒိုက်စ်ကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။ အက်ဒဗိုကတ်သည် လက်ရှိ ရာသီတွင်   နိုင်ပွဲတစ်ပွဲမှမရသေးဘဲ အမှတ်ပေးဇယားအဆင့် ၁၉ တွင်ရပ်တည်နေသော ဆန်းဒါးလန်းအသင်းနည်းပြအဖြစ်မှ ပြီးခဲ့သည့် တနင်္ဂနွေတွင် နုတ်ထွက်သွားခဲ့သည်။

အသက် ၆၀ အရွယ်ရှိ အလာဒိုက်စ်သည် ယမန်နှစ်ရာသီကုန်တွင် ဝက်စ်ဟမ်းအသင်းမှထွက်ခွာခဲ့ပြီးနောက် အသင်းလက်ကိုင်မရှိဘဲ အနား ယူနေသူဖြစ်သည်။

"ဒါက စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့အလုပ်ဆိုတာ အသေအချာပဲ။ ဒါပေမဲ့ အသင်းတည်ငြိမ်အောင် ကျွန်တော်လုပ်နိုင်စွမ်းရှိတယ်လို့ မျှော်လင့် ထားတဲ့အပြင် လူတိုင်းလိုချင်နေတဲ့   အောင်မြင်မှု လဲယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကစားသမားတွေနဲ့လက်တွဲကြိုးစားသွားမှာဖြစ်သလို ပရိ သတ်တွေပျော်အောင်လည်း ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ဆမ်အလာဒိုက်စ်က ပြောသည်။

၁၉၈၀ နှင့် ၁၉၈၁ တွင် ဆန်းဒါးလန်းကစားသမားဖြစ်ခဲ့သည့် အလာဒိုက်စ်သည် ဆန်းဒါးလန်းအသင်းနှင့် ဒါဘီပြိုင်ဘက် နယူးကာဆယ် နှစ်သင်းလုံးကို နည်းပြဖူးသည့် ပထမဆုံးနည်းပြ လည်းဖြစ်လာခဲ့သည်။

အောက်တိုဘာ ၁၇ တွင် အဝေးကွင်း၌ ဝက်စ်ဘရွန်းအသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားပြီးနောက် ၎င်း၏ပထမဆုံးအိမ်ကွင်းပွဲအဖြစ် အောက်တိုဘာ ၂၅ တွင် နယူးကာဆယ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly