သံသယတရားခံကို ဖမ်းမိပြီးနောက် Wisdom Hill ကျောင်းအုပ်က ဘာပြောလဲ

သံသယတရားခံကို ဖမ်းမိပြီးနောက် Wisdom Hill ကျောင်းအုပ်က ဘာပြောလဲ
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်၊ သပြေကုန်းရပ်ကွက်က ပုဂ္ဂလိက မူကြိုကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်စဉ်မှာ သံသယတရားခံကို တရားစွဲတင်ပို့လိုက်ပါပြီ။

မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)က စုံစမ်း၊ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး မူကြိုကျောင်းရဲ့ ကြီးကြပ်ရေးမှူး ဆရာမ ဒေါ်ဥမ္မာလှိုင်ရဲ့ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ အသက်(၃၀)အရွယ် အောင်ကျော်မျိုး(ခ)အောင်ကြီးကို သံသယတရားခံအဖြစ် ဇူလိုင်လ ၄ရက်နေ့က ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီ သံသယတရားခံကို စီအိုင်ဒီက အချိန်တစ်လကြာ စစ်ဆေးခဲ့ပြီး တရားစွဲတင်ဖို့ မခိုင်လုံဘူးဆိုပြီး ဇွန်လ ၂၄ရက် ပြန်လွှတ်ပေးခဲ့ပါသေးတယ်။

ကျောင်းရဲ့ ဖယ်ရီဒရိုင်ဘာ မဟုတ်ဘူးဗျ။ အဲ့ဒီ အောင်ကြီးက ကျွန်တော့ ကျောင်းဝင်းထဲကို ၃နာရီမှာ လာတယ်။ ၂၆(မိနစ်)မှာ ထွက်သွားတယ်။ ကျွန်တော်တို့ သိတာပေါ့လေ။ ကျောင်းထဲမှာ အားလုံးပေါင်း ၂၆မိနစ် သူရှိသွားတယ်ဆိုတာတော့ သိတယ်။ စီစီတီဗီ မှတ်တမ်းအရပေါ့။

လက်ရှိမှာတော့ သံသယတရားခံကို နေပြည်တော်အချုပ်ထောင်မှာ ပို့ဆောင်ထားပြီး လာမယ့် ဇူလိုင်လ ၁၅ရက်နေ့မှာတော့ ပထမဆုံးအကြိမ် ရုံးထုတ်မှာ ဖြစ်ပါတယ်။

သံသယတရားခံကို ဖမ်းမိပြီးတဲ့နောက် Wisdom Hill ကျောင်းအုပ် ဦးပညာနဲ့ မဇ္ဈိမက ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

တရားခံအစစ် လိုလားဟုဆို

"ကျွန်တော်တို့မှာ ရှိထားတဲ့ အချက်အလက်တွေဘာတွေတော့ အရင်ကတည်းကလည်း ပူးပေါင်းပြီးသား၊ ပေးထားပြီးသားပေါ့။ တရားခံဖော်ထုတ်တာကတော့ သက်ဆိုင်ရာ တပ်ဖွဲ့က ဖော်ထုတ်တာပေါ့လေ။ ဒါပေမယ့် ကျွန်တော်ကတော့ သမီးလေးအတွက် မှန်ကန်တဲ့ တစ်ကယ့် တရားခံအစစ်မျိုးတော့ လိုလားတာပေါ့လေ။ ဒီဟာကို ဘယ်လိုအထောက်အထားတွေ၊ ဘယ်လို အချက်အလက်တွေကြောင့် သူသည် တရားခံ ဖြစ်သွားတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် မသိသေးဘူး"

"အရင်တုန်းက သူ့ကို ရမန်ကြီးနှစ်ပတ်ယူပြီးတော့ (စီအိုင်ဒီ)က စစ်ဆေးတယ်ဆိုတာပဲ သိတာကိုး။ ပြင်ဆင်တဲ့ဟာလည်း မသိရဘူးလေ။ အဲ့ယာဉ်မောင်းက ကျောင်းနဲ့လည်း မဆိုင်တဲ့အတွက် သူ့မိဘနဲ့လည်း မသိဘူး။ သူနဲ့လည်း မသိဘူး။ သူနဲ့လည်း တစ်ခါမှ စကားမပြောဖူးဘူး။ ဒီကိစ္စကို လုံးလုံးကြီး မသိထားဘဲ ဒီလိုကြီး ထွက်လာတယ်ဆိုတော့ ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ၊ ဘယ်လို လုပ်သွားတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် မသိရဘူး"

"ကျွန်တော်ကတော့ သမီးအတွက် တရားခံအစစ်အမှန်တော့ တစ်ကယ် ဖြစ်စေချင်တာပေါ့လေ။ အခုဆိုလည်း ဘယ်လိုအကြောင်းအချက်တွေကြောင့် ဆိုတာတော့ သက်ဆိုင်ရာမှာတော့ ရှိမှာပေါ့လေ။ တရားခွင်မှာလည်း သမီးအတွက် ကျွန်တော်တို့ ဝိုင်းဝန်းလုပ်ဖို့ အဆင်သင့် ရှိပါတယ်"

အောင်ကြီးက ကျောင်းကားယာဉ်မောင်း မဟုတ်

"(အောင်ကြီးက)ကျောင်းရဲ့ ဖယ်ရီဒရိုင်ဘာ မဟုတ်ဘူးဗျ။ အဲ့ဒီ အောင်ကြီးက ကျွန်တော့ ကျောင်းဝင်းထဲကို ၃နာရီမှာ လာတယ်။ ၂၆(မိနစ်)မှာ ထွက်သွားတယ်။ ကျွန်တော်တို့ သိတာပေါ့လေ။ ကျောင်းထဲမှာ အားလုံးပေါင်း ၂၆မိနစ် သူရှိသွားတယ်ဆိုတာတော့ သိတယ်။ စီစီတီဗီ မှတ်တမ်းအရပေါ့"

"အဲ့ဒါကိုလည်း ရမန်ယူပြီး သူ့ကို (စီအိုင်ဒီက)စစ်တဲ့အချိန်မှာ တချို့မိဘတွေကို ကျွန်တော် ရှင်းပြပါတယ်။ ရှင်းပြတယ်ဆိုတာက သူဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ရှင်းပြတာ မဟုတ်ပါဘူး။ ကျွန်တေ်ာတို့မှာရှိတဲ့ ဒေတာအချက်အလက်မှာ ဒီလို၊ ဒီလို ရှိတယ်ဆိုတာကို ကျွန်တော် ရှင်းပြပြီးသားပါ။ ကျွန်တော်တို့သိရတာ အဲ့ဒီအချိန်ပဲ သူကျောင်းနဲ့ ပတ်သက်တယ်ပေါ့လေ။ ဒါမှ မဟုတ်ရင် ကျွန်တော်တို့ မသိအောင်ပဲ ဘာတွေများ ဘယ်လိုဖြစ်သွားလဲ ကျွန်တော်တို့ မသိရဘူးပေါ့လေ"

"သူက ကျွန်တော့ယာဉ်မောင်းမဟုတ်တော့ ဘာမှ တိုက်ရိုက်ပတ်သက်မှု မရှိဘူး။ သူ့ရဲ့ အလုပ်ရှင်သည် ဒေါ်ဥမ္မာလှိုင်၊ ကြီးကြပ်ရေးမှူး ဆရာမပေါ့လေ။ ကြီးကြပ်ရေးမှူးဆရာမခေါ်လို့ သူလာတယ်။ သူ့ယာဉ်မောင်းဖြစ်တဲ့အတွက် သူတို့ကိစ္စတွေပြီးတော့ သူပြန်တယ်။ သူ့အမျိုးသား လာကြိုတယ်။ ဒါပဲပေါ့။ အလုပ်ခန့်တာတွေ ဘာတွေက ကျွန်တော်တို့ ဝန်ထမ်းလည်း မဟုတ်တော့ သူ့ကို မြင်လည်း မမြင်ဖူးဘူး။ သိလည်း မသိဘူး"

သံသယတရားခံကို ဖမ်းမိသည့်တိုင် ဆရာမနှင်းနုကို စီအိုင်ဒီက စစ်ဆေးနေဆဲ

"ဆရာမတွေကတော့ ပုံမှန် အလုပ်ဆင်းပါတယ်။ မနေ့ကအထိတော့။ ဒေါ်ဥမ္မာလှိုင်က ဒီနေ့အထိ အလုပ်ဆင်းတုန်း၊ ဆရာမ နှင်းနုကတော့ မနေ့ကအထိ အလုပ်ဆင်းပြီးတော့ အိမ်ပြန်သွားတယ်။ အိမ်ပြန်သွားပြီးတော့မှ မနေ့က ညနေငါးနာရီခွဲလောက်မှာ စီအိုင်ဒီ(မှုခင်းရဲတပ်ဖွဲ့)က စစ်ဆေးဖို့ဆိုပြီး လာခေါ်သွားတယ်။ လာခေါ်ပြီးတော့ အခုအချိန်အထိပဲ သူ့အိမ်ပြန်မရောက်သေးဘူးဆိုတာတော့ ကျွန်တော်တို့ သိတယ်။ ညကလည်း အဲ့မှာလို့ပဲ သိရတယ်"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly