မြန်မာနှင့်ထိစပ်နေသော အိန္ဒိယနယ်စပ်မြို့များတွင် စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေး

မြန်မာနှင့်ထိစပ်နေသော အိန္ဒိယနယ်စပ်မြို့များတွင် စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေး
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင်လ ၄ ။       ။ မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ၊ အာသံပြည်နယ်များတွင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၄ ရက်နေ့၊ ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို့ အာသံပြည်နယ်မှ ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ အိန္ဒိယ- မြန်မာ ကုန်သည်ကြီးများ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“နှစ်ဖက်ပြည်သူတွေဟာ အပြန်အလှန်ဆက်ဆံရေးအရ ဆက်နွှယ်မှုတွေ ရှိတယ်။ မြန်မာနဲ့ အိန္ဒိယတွေဟာ နယ်စပ်ဖြတ်ပြီးတော့ စီးပွားရေးဆိုင်ရာကိစ္စတွေ လုပ်ဆောင်မှုရှိကြတယ်။  ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍတွေ ဒေသအတွက် ရရှိလာတယ်။ အိန္ဒိယအတွက် သိသာထင်ရှားတဲ့ အရာတစ်ခု ပြောရရင် မြန်မာ Inbond Investment ပေါ့။ မြန်မာအနေနဲ့လည်း Inbond ခရီးသွားလုပ်ငန်းမှာ သိသာထင်ရှားလာတဲ့အချက်တွေ ရှိလာတယ်။ တခြားတိုင်းပြည်ကနေ လာရောက်တာတွေ ရှိတာ သိသာထင်ရှားတဲ့အချက်ပါပဲ"ဟု မြန်မာနိုင်ငံ ဆိုင်ရာအိန္ဒိယသံအမတ်ကြီး Shri Saurabh Kumar က ပြောသည်။

အာသံပြည်နယ်အစိုးရအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုဝန်ကြီးဌာန၊ အရှေ့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒရေးရာဝန်ကြီးတို့ ဦးဆောင်သည့်  အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်မှုခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို ဇူလိုင်လ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိ လာရောက်ခဲ့ကြခြင်းဖြစ်သည်။

" စီးပွားရေးအလားအလာဆိုတာ အိန္ဒိယနိုင်ငံဟာ တစ်နိုင်ငံတည်းပဲ တစ် ဒသမ နှစ် ဘီလီယံ သူ့ရဲ့ လူဦးရေရှိပါတယ်။ ဆိုတော့ စျေးကွက်ကအကြီးကြီးပါ။ အာသံပြည်နယ်ကလည်း တော်တော်လေး ကြီးပါတယ်။ ကြီးတဲ့အတွက် ကုန်သွယ်မှုမှာ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တွေကို သူ့တို့နိုင်ငံကို ပို့မယ်။ သူတို့နိုင်ငံရဲ့ ထုတ်ကုန်တွေ မြန်မာနိုင်ငံကို ပို့မယ်။ မြန်မာက ကုန်ကြမ်းတွေကို သူတို့ နိုင်ငံပို့ပြီးတော့ ကုန်ချောအဖြစ်လုပ်မယ်။ ဒါလေးတွေက လုပ်ငန်းတွေကို ဖလှယ်လို့လည်းရတယ်။ ဒီဥစ္စာကို အကြောင်းပြုပြီးတော့ ကုန်သွယ်မှုကို တိုးတက်သွားလို့ရတယ်"ဟု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

အဖွဲ့ဝင် ၂၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခြင်း၏ ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသနှင့် အာသံပြည်နယ်၊ ထိုဒေသများနှင့်ထိစပ်နေသော အိမ်နီးချင်း မြန်မာနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများအတွက် မူဝါဒချမှတ်သူများမှ ရှင်းလင်းလွယ်ကူမှုရှိစွာဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံရှိ ထင်ရှားသောအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required