အက်သလက်တီကိုအသင်းဟာ ဗုဒ္ဓဟူးနေ့က ဘင်ဖီကာအသင်းမှ အသက် (၁၉)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ကို ယူရို (၁၂၆) သန်း (ပေါင် ၁၁၃ သန်း)နဲ့ ခေါ်ယူခဲ့တယ်လို့ နှစ်ဖက်ကလပ်အသင်းတွေက ကြေညာခဲ့ပါတယ်။
ပြောင်းရွှေ့ကြေးဟာ ပေါ်တူဂီကလပ်အတွက်ရော အက်သလက်တီကိုအတွက်ပါ စံချိန်တင်တစ်ရပ်ဖြစ်ပြီး လူငယ်ကစားသမားဟာလည်း ဘောလုံးသမိုင်းကြောင်း တစ်လျှောက်မှာ ပဥ္စမမြောက် ကမ္ဘာ့ပြောင်းရွှေ့ကြေးအကြီးဆုံးကစားသမားဖြစ်လာပါတယ်။
အက်သလက်တီကိုအသင်းဟာ ဖီးလစ်ကို (၇)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
အက်သလက်တီကိုအသင်းဟာ ဖီးလစ်ကို ခေါ်ယူဖို့ သူ့ရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ယူရိုသန်း (၁၂၀)ထက် (၆) သန်းပိုပေးပြီး ဘင်ဖီကာအသင်းကို ဇွန် ၂၆ ရက်ကတည်းက ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းက အက်သလက်တီကိုအသင်းက ပေါ်တိုအသင်းမှ မက္ကဆီကိုကွင်းလယ်ကစားသမား ဟက်တာ ဟာရဲရားကို ခေါ်ယူခဲ့ပြီး အသင်းမှ နောက်ထပ် ကွင်းလယ်ကစားသမားဖြစ်တဲ့ ရိုဒရီ ဟာနန်ဒက်ဇ်ဟာ ယူရို သန်း (၇၀)နဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဟာ နောက်ထပ် ကွင်းလယ်ကစားသမားဖြစ်တဲ့ မာကို့စ် လော်ရန်တေးကို ရီးယဲလ်မက်ဒရစ်ထံမှ ယူရို (၄၅)သန်းနဲ့လည်း ခေါ်ယူ အားဖြည့်ခဲ့ပြီးဖြစ်ပါတယ်။
ဖီးလစ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ဘင်ဖီကာအသင်းနဲ့ စတင်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၃)ပွဲမှာ ဂိုး (၂၀) သွင်းခဲ့သလို ဂိုးဖန်တီးမှု (၁၁)ကြိမ်ပြုလုပ်ခဲ့ပြီး အသင်းကို ပေါ်တူဂီအမှတ်ဖလားဆွတ်ခူးအောင် ကူညီပေးခဲ့ပါတယ်။
သူဟာ ယခုလအစောပိုင်းက ပေါ်တူဂီလက်ရွေးအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ဆွစ်ဇလန်အသင်းကို အနိုင်ရတဲ့ နေရှင်းလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ စီရော်နယ်လ်ဒိုနဲ့အတူ စတင်တွဲဖက်ကစားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် သူဟာ မန်စီးတီး၊ မန်ယူနဲ့ ဂျူဗင်တပ်စ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းကြီးတွေက ခေါ်ယူနိုင်ဖို့ ချိတ်ဆက်ခံရသူလည်းဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ဖီးလစ်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းမှ ထွက်ခွာမယ့် ဂရစ်ဇ်မန်းနေရာမှာ အစားထိုဖို့ ခေါ်ယူခဲ့တာဖြစ်ပြီး ဂရစ်ဇ်မန်း ဝတ်ဆင်တဲ့ ကျောနံပါတ် (၇)ကိုပါ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Ref; AFP