ဇူလိုင် ၄ ။ ။ ယခုနှစ် ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားမှာတော့ ပုံမှန်ကျင်းပနေကျအတိုင်းအပြင် စစ်ရေးပြသမှု၊ ဂုဏ်ပြုချီတက်မှုတွေပါ ထည့်သွင်းလာဖို့ သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်ထားပါတယ်။
ဒီ လွတ်လပ်ရေးနေ့အခမ်းအနားကို အကြီးကျယ်ဆုံးဖြစ်အောင် လုပ်မည်ဟု ထရမ့်က ကတိပြုခဲ့သလို တစ်ဘက်မှာလည်း ၎င်းအနေနဲ့့ ဒီအခမ်းအနားကို ၎င်းရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအတွက် အသုံးချဖို့ ပြင်ဆင်နေတယ်လို့ ဝေဖန်မှုတွေလည်း ပေါ်ထွက်နေလျက် ရှိပါတယ်။
အမေရိကန်သမိုင်းမှာ အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်တဲ့ ဒီလိုနေ့မျိုးမှာတော့ ပုံမှန်အားဖြင့် ပါတီ၊ အုပ်စု တစ်ခုခုဘက်ကို အလေးပေးတာမျိုး ရှောင်ကြပြီး လွတ်လပ် ဘက်မလိုက်စွာ ကျင်းပလေ့ရှိတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်သက်တမ်းအတွက် ရွေးကောက်ပွဲ ဝင်ဖို့ ရှိနေတဲ့ ထရမ့်အနေနဲ့ ဒီ လွတ်လပ်ရေးနေ့အခမ်းအနားကို ၎င်းရဲ့ နိုင်ငံရေးအကျိုးအမြတ်တွေအတွက် အသုံးချလာနိုင်တယ်လို့ ဝေဖန်သူတွေက ပြောနေကြလျက် ရှိပါတယ်။
ဒီနှစ်အခမ်းအနားကျင်းပချိန်ကျရင် ၀ါရှင်တန်မြို့လယ်မှာ တင့်ကားတွေ မောင်းနှင်မှု၊ ဦးခေါင်းထက်ကနေ တိုက်လေယာဉ်တွေ ဝဲပျံသန်းမှု၊ လင်ကွန်းအထိမ်းအမှတ် အဆောက်အအုံမှာ မိန့်ခွန်းပြောဆိုမှုတို့ ပါဝင်လာဖို့ ရှိနေပါတယ်။
“ ပုံမှန်အားဖြင့်တော့ ဒီ ဇူလိုင် ၄ ရက် လို နေ့မျိုးမှာက လူတွေက သူတို့တွေရဲ့ မတူညီတဲ့ နိုင်ငံရေးအမြင်တွေကို ဘေးချိတ်ပြီး တက်ရောက်ကြရတာပါ၊ ဒီလိုနေ့မျိုးမှာ နိုင်ငံရေးဆွေးနွေးမှုတွေ မလုပ်ဘဲ အလံတင်ကြတာပါ၊ ဒါပေမယ့် ဒီနှစ်မှာကျတော့ ပုံမှန် ရှိနေကျ ဇာတ်ညွန်းကို ပြန်ပြင်ရေးလိုက်သလိုပါပဲ” လို့ Quinnipiac တက္ကသိုလ်က မီဒီယာနဲ့ ယဉ်ကျေးမှု ကျွမ်းကျင်ပညာရှင် ရစ်ချ် ဟန်လေက ဝေဖန်သွားပါတယ်။