တာဝန်ထက် အခွင့်အရေးကို ဦးစားပေး စဉ်းစားနေကြဟု ဒေါ်အောင်ဆန်းစုကြည် ပြော

တာဝန်ထက် အခွင့်အရေးကို ဦးစားပေး စဉ်းစားနေကြဟု ဒေါ်အောင်ဆန်းစုကြည် ပြော
 (ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ အခွင့်အရေး လိုချင်ပါက တာဝန်ကိုပါ ထည့်သွင်းစဉ်းစားကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး လက်ရှိတွင် တာဝန်ထက် အခွင့်အရေးကို ဦးစားပေးနေကြသည်ဟု ပြောဆိုလိုက်သည်။

“ခနခန ပြောပါတယ်။ အခွင့်အရေးကို စဉ်းစားလို့ ရှိရင် တစ်ခါထဲ တာဝန်ကို စဉ်းစားရပါတယ်။ အခုခေတ်ကြီးမှာ ဆိုရင်တော့ အခွင့်အရေးကို ဦးစားပေးပြိးတော့ စဉ်းစားတဲ့ခေတ်ကြီး ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ပြုလုပ်သော ဇွန်လ ၃ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခွင့်အရေးဆိုတာ တစ်ကယ့်ကို အများကို အကျိုးပြုဖို့ ဆိုလို့ရှိရင် တာဝန်နဲ့ ထိန်းထားရမှာ ဖြစ်ပါတယ်။ တာဝန်နဲ့  ဒွန်တွဲပြီးတော့ ဒီအခွင့်အရေးကို ကိုင်ထားမှသာလျှင် ကျွန်မတို့ နိုင်ငံဟာ တစ်ကယ့်ကို တန်ဖိုးရှိတဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ” ဟု အခမ်းအနားမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ကာ မြန်မာအမျိုးသမီးများနေ့ကို ၁၉၉၆ခုနှစ်၊ ဇူလိုင် ၃ရက်က စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက “အမျိုးသမီးတွေ အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် လေ့လာသင့်တယ်။ အပြင်မှာ ထွက်ပြီး အလုပ်လုပ်တဲ့သူဆိုလည်း ဒီထက်ပိုပြီးတော့ တိုးတက်လာအောင် ကိုယ့်ရဲ့ ရတဲ့ အချိန်ကို အကျိုးရှိစွာနဲ့ အသုံးချသင့်တယ်။ မိခင်တစ်ယောက်ဆိုလည်း မိခင် တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်နေရသူပဲဖြစ်ဖြစ် အကုန်လုံးကတော့ ကိုယ့်အလုပ်ကိုယ် ပိုပြီးတော့ ဒီထက်တိုးပွားလာအောင် အောင်မြင်လာအောင် စွမ်းဆောင်သင့်တယ်” ၄င်း၏အမြင်ကို ပြောသည်။

ယနေ့ အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နို်င်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချို၊ သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအပြင် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required