ယူနက်စကို၏ ဆန်ခါတင်စာရင်းတွင် ပုဂံဒေသ ပါဝင်လာ

ယူနက်စကို၏ ဆန်ခါတင်စာရင်းတွင် ပုဂံဒေသ ပါဝင်လာ
 ဓာတ်ပုံ-AFP PHOTO / YE AUNG THU Ye Aung Thu / AFP

ရန်ကုန် ၊ ဇူလိုင် ၃  ။               ။  နှစ်ပေါင်း ၂၃ နှစ် ကြာပြီးနောက် မြန်မာဘက်မှ တင်သွင်းခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့ ကော်မတီမှ ဆန်ခါတင် ၃၆ ခုနက် တစ်ခု အဖြစ် အဇာဘိုင်ဂျန်မှာပြုလုပ်မည့်ပွဲအတွက် ရွေးချယ်လိုက်ကြောင်း ယူနက်စကိုမှ ဇူလိုင် ၂ ရက်က ထုတ်ပြန်သည်။

ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပနေသည့် ကမာ့္ဘရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးကော်မတီ၏ ၄၃ ကြိမ်မြောက်အစည်းအဝေးတွင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် အမွေအနှစ်စာရင်းအဖြစ် ရွေးချယ်ရန် ဆန်ခါတင်စာရင်းထဲ ပါရှိသွားခြင်းလည်း ဖြစ်သည်။

လာမည့် ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင် အမွေအနှစ် ထိန်းသိမ်းရေးကော်မတီဝင် ၂၁ ယောက်က မြန်မာနိုင်ငံ ပုဂံဒေသနှင့် လာအိုနိုင်ငံမှ Plane of Jars ဟု သိကြသည့် ရှေးဟောင်းကျောက်အိုးကြီးများရှိရာ လွင်ပြင်တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းရန် ယင်းအစည်းအဝေးမှာ စဉ်းစားဆုံးဖြတ်မည် ဖြစ်သည်။

 ဓာတ်ပုံ-DALE DE LA REY / AFP

၁၁ ရာစုမှ ၁၃ ရာစုအကြား မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဒေသတွင် တည်ဆောက်ထားခဲ့သည့် ပုဂံခေတ် လက်ရာစေတီပုထိုးများ၊ အထိမ်းအမှတ်နေရာများ ပါဝင်ပြီး ဗုဒ္ဓဘာသာအထိမ်းအမှတ် ဗိသုကာလက်ရာများ အများအပြားတွေ့ရှိသော ဒေသဖြစ်သည်ဟု ယူနက်စကို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ယူနက်စကိုစာရင်းဝင်ရန် ၁၉၉၆ ခုနှစ်က စာရင်း တင်သွင်းခဲ့သော်လည်း ဘုရားပုထိုးများကို ပြန်လည်ပြုပြင်တည်ဆောက်မှုများ ရှိခဲ့သောကြောင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဖော်ပြခံရခြင်း မရှိခဲ့ပေ။

မြန်မာဘက်မှ နှစ်ပေါင်း ၂၀ ကျော်အကြာတွင် ပြန်လည်တင်ပြရန် ကြိုးပမ်းလာခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်မှ စတင်ကာ ယူနက်စကိုမှ ပုဂံဒေသ စာရင်းဝင်ရေးအတွက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly