အာဇာနည်ကုန်းဗုံးကွဲသကဲ့သို့ အနီရောင်မလွှမ်းစေရန် ပြည်ခိုင်ဖြိုးအားမဲပေးပါဟု ဦးမြငြိမ်း မဲဆွယ်

အာဇာနည်ကုန်းဗုံးကွဲသကဲ့သို့ အနီရောင်မလွှမ်းစေရန် ပြည်ခိုင်ဖြိုးအားမဲပေးပါဟု ဦးမြငြိမ်း မဲဆွယ်
ဦးမြငြိမ်း၏ မဲဆွယ်ပွဲသို့ တက်ရောက်သူများ။ Photo Nai HongSar Ramonya

ရန်ကုန် အောက်တိုဘာ ၁၀ ။         ။ ရန်ကုန်တိုင်းအတွင်း အာဇာနည်ကုန်းဗုံးကွဲခဲ့စဉ်အချိန်ကဲ့သို့ အနီရောင်မလွှမ်းမိုးအောင် အစိမ်းရောင်ဖြစ်သည့် ခြင်္သေ့တံဆိပ် ပြည်ခိုင်ဖြိုးကို မဲပေးဟု ပြည်ခိုင်ဖြိုးဗဟို အလုပ်အမှုဆောင်လည်းဖြစ်၊ အမျိုးသားလွှတ်တော် ဒုတိယနာယကလည်းဖြစ်သူ ဦးမြငြိမ်းက အောက်တိုဘာ ၁၀ရက်၌ ပြောဆိုမဲဆွယ်စည်းရုံးသည်။

"ရန်ကုန်တိုင်းမှာ အစိမ်းရောင်ပဲလွှမ်းရမယ်။ အနီရောင်လွှမ်းလို့မရဘူး။ အနီရောင်က ဘာလဲသိချင်ရင် အာဇာနည်ကုန်းမှာ သွားကြည့်။ အာဇာနည်ကုန်းဗုံးကွဲတော့ဘာဖြစ်လဲ အနီရောင် အကုန်လွှမ်းကုန် တာပေါ့။ အဲဒီတေ့ာရန်ကုန်မှာ အစိမ်းရောင်ပဲ လွှမ်းမိုးရမယ်။" ဟု ၎င်းကဆိုသည်။

အောက်တိုဘာ ၁၀ ရက်က သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ဦးစေတီအနီး ဘောလုံးကွင်းတွင် ရန်ကုန်တိုင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံဟောပြောပွဲတွင် ၎င်းကဟောပြောစည်းရုံးခြင်းဖြစ်သည်။

အဆိုပါမဲဆွယ်ဟောပြောပွဲသို့ ပါတီဗဟိုအလုပ်အမှုအဆောင်များဖြစ်သည့် ဦးမြင့်ဆွေ (ရန်ကုန်တိုင်း ဝန်ကြီးချုပ်)၊ ဦးမြငြိမ်း၊ ဦးနန္ဒကျော်စွာ (ပြည်သူ့လွှတ်တော်ဒုတိယနာယက) တို့အပြင် ပါတီတိုင်းအဆင့် အလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းအတွင်းမှ ပါတီဝင်များက သက်ဆိုင်ရာမြို့နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီမှ စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လာရောက်ကြသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မိမိတို့ပါတီက အမှန်တစ်ကယ်ဆောင်ရွက်နေပြီ ဖြစ်သဖြင့် မည်သည့်ပါတီကိုမျှ မကြည့်ပဲ ခြင်္သေ့တံဆိပ်ကိုသာ မဲပေးရွေးချယ်ကြရန်လည်း ဦးမြငြိမ်းက တိုက်တွန်းခဲ့ သည်။

"အခုပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတဲ့ဟာတွေ ရေးနေကြတယ်။ အဲဒီတော့ကျွန်တော်တို့က ပြုပြင်ပြောင်းလဲ မှုတွေမရှိဘူးလား။ အချိုပေါ်တော့ သကာလာမလောင်းနဲ့။ ကျွန်တော်တို့က ချိုပြီးသား။ ကျွန်တော်တို့ဥက္ကဌ၊ သမ္မတကြီး တက်ကတည်းက ဆင်းရဲမွဲတေမှုလျော့ချရေး အများကြီးလုပ်ပြီးပြီ။" ဟုလည်း ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုး၏ ရန်ကုန်တိုင်းမဲဆွယ်စည်းရုံးရေးဟောပြောပွဲများကို သင်္ကန်းကျွန်းမှ ပထမဆုံးအဖြစ် စတင်လိုက်ခြင်း ဖြစ်ပြီး၊ မရမ်းကုန်း၊ သန်လျင်နှင့် အင်းစိန်မြို့များတွင်လည်း ပြုလုပ်ရန် လျာထားသော်လည်း သတ်မှတ်ရက် မရှိသေးကြောင်း ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းက အောက်တိုဘာ ၁၀ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၁၁၁၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် မည့် အာဏာရပါတီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly