ရုရှားရေငုပ်သင်္ဘောမှာ မီးလောင်ပြီး လူ ၁၄ ဦး သေဆုံး

ရုရှားရေငုပ်သင်္ဘောမှာ မီးလောင်ပြီး လူ ၁၄ ဦး သေဆုံး

မော်စကို၊ ဇူလိုင် ၃ ။         ။ ပင်လယ်ရေအောက်မှာ ရုရှားရေငုပ်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ရာမှာ သင်္ဘောအမှုထမ်း ၁၄ ဦး သေဆုံးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ရုရှားရေပိုင်နက်အတွင်း သုတေသနလုပ်ငန်း ဆောင်ရွက်နေတဲ့ အဲဒီ ရေငုပ်သင်္ဘော မီးလောင်မှုမှာ အမှုထမ်းတွေဟာ မီးခိုမွှန်ပြီး သေဆုံးတာဖြစ်တယ်လို့ နိုင်ငံပိုင် Tass သတင်းဌာနက ဖော်ပြပါတယ်။

မီးကို နောက်ပိုင်းမှာ ငြိမ်းသတ်နိုင်ပြီး သင်္ဘောပေါ်က အမှုထမ်းတွေဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ Tass သတင်းဌာနက ဖော်ပြပါတယ်။

မီးလောင်မှုဖြစ်ရာ အဲဒီ အငယ်စား ရေငုပ်သင်္ဘောဟာ ခုခါမှာ ဘာရန်ပင်လယ်က ဆီဗာရိုမော်စကီ ရေတပ်အခြေစိုက်စခန်းမှာ ထားထားကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရုရှားရေတပ်စစ်ဦးစီးချုပ်ကိုယ်တိုင် ဦးစီးပြီး စုံစမ်းစစ်ဆေးနေတယ်လို့ RIA-Novosti သတင်းဌာနက ဆိုပါတယ်။

အခင်းဖြစ်ရပ်ကို ကြီးကြပ်ကွပ်ကဲဖို့ ကာကွယ်ရေးဝန်ကြီး ဆာဂျေးဆွိုင်းဂူကို သမ္မတ ဗလာဒီမာပူတင်က တိုက်တွန်းထားပါတယ်။

“ဆီဗာရိုမော်စကီ ရေတပ်စခန်းဆီ သွားပြီး အခင်းဖြစ်ရာမှာ ပါဝင်ခဲ့တဲ့ အမှုထမ်းတွေရဲ့ တင်ပြချက်ကို သေချာနားထောင်ပြီး ကျွန်တော်ဆီ သတင်းပြန်တင်ပြပါ။”လို့ ပူတင်က ကာကွယ်ရေးဝန်ကြီးကို ပြောဆိုတိုက်တွန်းကြောင်း Tass သတင်းဌာနက ဖော်ပြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly