မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားရုံး ပလပ်

မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားရုံး ပလပ်

ရန်ကုန် ၊ ဇူလိုင် ၂ ။           ။ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရမှုမှာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ဇူလိုင်လ ၂ ရက်နေ့တွင် မဟာအောင်မြေမြို့နယ် တရားရုံးမှ တရားရှင် လွှတ်ပေးလိုက်သည်။

ကိုဆွေဝင်းဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့တွင် တရားရုံးသို့ အမှုရပ်စဲပေးရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ကိုဆွေဝင်းအား တရားစွဲဆိုထားသည့် အဓိကတရားလိုပြသက်သေများဖြစ်သည့် အမျိုးသားရေးဆရာတော် ဦးဝီရသူအပါအဝင် ၃ ဦးသည် ချိန်းဆိုသည့် တရားရုံးချိန်းတိုင်းကို လာရောက်ခြင်းမရှိသောကြောင့် အမှုကို ဆက်လက်စစ်ဆေးခြင်းမပြုဘဲ ရပ်စဲပေးရန် ဒေါ်ရွက်နုအောင်က တရားရုံးသို့လျှောက်ထားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအတွက်ကြောင့် မဟာအောင်မြေမြို့နယ် တရားရုံးမှ အမှုကို ပလပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော့အား တရားရှင်လွှတ် ၊ ဆရာမ ဒေါ်ရွက်နုအောင်ကို လူမိုက်ငှားရိုက်မယ်လို့ တရားခွင်အထွက်မှာ ခြိမ်းခြောက်” ဟု ကိုဆွေဝင်းက အမိန့်ချမှတ်မှုအပြီးတွင် သူ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရသည့်အမှုတွင် လုပ်ကြံသူများကို ဦးဝီရသူက ကျေးဇူးတင်စကား ဆိုခြင်းသည် "ရဟန်းတစ်ပါးအနေနဲ့ ပါရာဇိက ကံထိုက်တယ်"ဟုဆိုပြီး သံဃာတော်တစ်ပါးရဲ့ မှတ်ချက်ပါသည့် ဆောင်းပါးကို ကိုဆွေဝင်းက လူမှုကွန်ရက်တွင် ပြန်ပြီးဖော်ပြခဲ့ခြင်းကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရပြီးနောက် အမှုရင်ဆိုင်ခြင်း မရှိဘဲ တိမ်းရှောင်နေသည့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေက ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ၂ဝ၁၇ ခုနှစ် မတ်လအတွင်းက အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အချိန်ကာလအားဖြင့် ၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly