လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်သည့်အပေါ် ရန်ကုန်တွင် စတင်ဆန္ဒပြ

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုက်သည့်အပေါ် ရန်ကုန်တွင် စတင်ဆန္ဒပြ
ဆန္ဒပြပွဲဦးဆောင်သူ ဦးစိုးမင်းသန်း ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇူလိုင်လ ၁ ။               ။ အစိုးရမှ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု စတင်အသက်ဝင်သည့် ဇူလိုင်လ ၁ ရက်တွင် မီတာခ တိုးမြှင့်လိုက်ခြင်းအပေါ် လူဦးရေ ၅၀ ခန့်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်အတွင်း စီတန်းလှည့်လည်ကာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဦးစိုးမင်းသန်းဆိုသူ ဦးဆောင်ကာ ကြွေးကြော်သံများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီခန့်မှ စတင်ကာ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ပုဇွန်တောင်ဥယျာဉ်အိမ်ရာရှေ့တွင် စုရပ်ပြုလုပ်ကာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

"  ၂၀၁၅ ခုနှစ်မှာ မဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူကို လျစ်လျူရှုလိုက်တာပါပဲ။ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တဲ့ အတိုင်း မီတာခ တိုးမြှင့်ကောက်ခံမှုအပေါ်မှာ ဆက်ပြီး မကောက်ခံတော့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ သူတို့ အစိုးရကို သက်တမ်းတိုးမြှင့်ပေးလိုက်တဲ့ ဆန္ဒဖော်ထုတ်တဲ့လှုပ်ရှားမှု ဖြစ်သွားမယ်။ သူတို့က မီတာခကို တိုးမယ်။ ငါတို့ ပါတီ၊ ငါတို့အစိုးရ၊ ငါတို့ လွှတ်တော်ဆိုတဲ့ အခြေအနေနဲ့ သူတို့က ဆက်ပြီး တိုးကောက်မယ် ဆိုရင်တော့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို သူတို့ ခံရမှာပါ"ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးမင်းသန်းက မဇ္ဈိမကို ပြောသည်။

မီတာခ တိုးမြှင့်လိုက်ခြင်းနှင့်ပတ်သက်ပြီး ဆန္ဒပြမည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးမင်းသန်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပုဇွန်တောင်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

" အခုက ပါတီနဲ့ မသက်ဆိုင်ပါဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူအများစု ဒီ ဒုက္ခကို ခံစားနေရတာ မကြည့်ရက်လို့ ဆန္ဒထုတ်ဖော်တာပါ"ဟု ဦးစိုးမင်းသန်းက ပြောသည်။

ထိုသို့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ရန်အတွက် ဦးစိုးမင်းသန်းက ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တရားဝင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ဆန္ဒတူသူ အချို့ကို လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားခနှုန်းထားများနှင့် ပတ်သက်၍ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး အိမ်သုံးအမျိုးအစား ဓာတ်အားသုံးစွဲမှုကို တစ်ယူနစ်လျှင် ၃၅ ကျပ် မှ ၁၂၅ ကျပ်ထိ သုံးစွဲသည့် ပမာဏအလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကာ အိမ်သုံးမဟုတ်သည့် အမျိုးအစားသုံးစွဲမှုများကို တစ်ယူနစ်လျှင် ၁၂၅ ကျပ်မှ ကျပ် ၁၈၀ အထိ သုံးစွဲသည့် ပမာဏအလိုက် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required