ကင်မ်ဂျုံအန်းကို အိမ်ဖြူတော် လာလည်ဖို့ ဒေါ်နယ်ထရမ့် ဖိတ်ကြား

ကင်မ်ဂျုံအန်းကို အိမ်ဖြူတော် လာလည်ဖို့ ဒေါ်နယ်ထရမ့် ဖိတ်ကြား

ဇွန် ၃၀ ။          ။ အမေရိကန်ကို လာရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဖိတ်ခေါ်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၃၀ ရက်မှာ ပြောကြားပါတယ်။

၎င်း ခေါင်းဆောင်နှစ်ဦးကတော့ ယနေ့မှာပဲ ကိုရီးယားနှစ်နိုင်ငံအကြားက စစ်မဲ့ဇုန်မှာ တစ်နာရီကြာလောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ယင်းတွေ့ဆုံမှုမှာ ထရမ့်က မြောက်ကိုရီးယား နယ်နမိတ်ထဲ သမိုင်းဝင် ဖြတ်ကျော် ခြေချဝင်ရောက်ခဲ့ပါသေးတယ်။

ယခုလို သမိုင်းဝင် တတိယအကြိမ်မြောက် တွေ့ဆုံမှုနဲ့အတူ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းတစ်ရပ် ရှိခဲ့ကြောင်း နှစ်ဦးစလုံးက ချီးကျူးပြောဆိုသွားခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်နိုင်ငံအကြား လက်တွေ့ကျတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။

ပြုံယမ်းရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ လုပ်ဖို့ နှစ်နိုင်ငံစလုံးရဲ့ သက်ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွေအနေနဲ့ လာမယ့် သီတင်းပတ် နှစ်ပတ်၊ သုံးပတ်မှာ စတင်တွေ့ဆုံကြတော့မှာဖြစ်ကြောင်း ထရမ့်က  ပြောပါတယ်။

“ နှစ်ဘက်စလုံးက ညှိနှိုင်းဆွေးနွေးသူတွေ ဒီ လုပ်ငန်းစဉ်တစ်ခုကို စကြပါလိမ့်မယ်၊ ဘာတွေ ဖြစ်လာမလဲ ကြည့်ကြတာပေ့ါ” လို့ ထရမ့်က ပြောသွားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required