ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်း စစ်မဲ့ဇုန်မှာ တွေ့ဆုံ၊ မြောက်ကိုရီးယား နယ်နမိတ်ထဲ ထရမ့် ခြေလှမ်းချ ဝင်ရောက်ခဲ့

ဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်း စစ်မဲ့ဇုန်မှာ တွေ့ဆုံ၊ မြောက်ကိုရီးယား နယ်နမိတ်ထဲ ထရမ့် ခြေလှမ်းချ ဝင်ရောက်ခဲ့

ဇွန် ၃၀ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား  ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ ဇွန်လ ၃၀ ရက် ယနေ့မှာ ကိုရီးယားစစ်မဲ့ဇုန်မှာ တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

ဒါဟာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦးအကြား တတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်လာခဲ့ပါတယ်။ ကြိုတင်မျှော်လင့်မထားတဲဲ့ တွေ့ဆုံမှုတစ်ခုလည်း ဖြစ်ပါတယ်။

ယနေ့ တွေ့ဆုံမှုမှာတော့ တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နယ်စပ်စစ်မဲ့ဇုန်နေရာမှာ ၎င်းတို့နှစ်ဦး တွေ့ဆုံကြတာ ဖြစ်ပါတယ်။

ဒီလို တွေ့ဆုံရာမှာ ထူးခြားမှုအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တောင်နှင့် မြောက် နှစ်နိုင်ငံ နယ်နမိတ်စည်းကို ကျော်ကာ မြောက်ကိုရီးယား ပိုင်နက်နယ်ထဲ ခြေလှမ်းချ ဝင်ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။ ယင်းအတွက်ကြောင့် ထရမ့်ဟာ ယခင် ရန်သူဟောင်းဖြစ်ခဲ့တဲ့ နိုင်ငံရဲ့ နယ်နမိတ်ထဲ ခြေချဝင်ရောက်တဲ့ ပထမဆုံးသော အမေရိကန်သမ္မတလည်း ဖြစ်လာခဲ့ပါတယ်။

ဒီလို သမိုင်းဝင် အခိုက်အတန့်မှာ စစ်မဲ့ဇုန်မှာ ရှိတဲ့  တောင်နဲ့မြောက် ခွဲခြမ်းထားတဲ့ ကွန်ကရစ် ကျောက်တုံးလိုင်းမျဉ်းတစ်ခုကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားဘက် ခြေလှမ်းချ လမ်းလျှောက်ဝင်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ခေါင်းဆောင်နှစ်ဦးဟာ တောင်ကိုရီးယား နယ်နမိတ်ထဲ အတူ တကွ ပြန်လျှောက်ဝင်လာခဲ့ကြပါတယ်။ ၎င်းတို့ နှစ်ဦးအတူ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းလည်း ယင်းနေရာမှာ ရှိနေခဲ့ပါတယ်။

“ ဒီကနေ့ကတော့ ကမ္ဘာကြီးအတွက် ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ပါ၊ ကျွန်တော့်အတွက်လည်း ဒီမှာ ရှိနေရတာ ဂုဏ်ယူစရာပါ၊ ကြီးကျယ်တဲ့ အရာတွေ ခု ဖြစ်နေပါပြီ” လို့ ထရမ့်က ပြောသွားပါတယ်။

ကင်မ်ကလည်း ခုလို ထရမ့်နဲ့အကြား မယုံနိုင်စရာ ကောင်းတဲ့ ဆက်ဆံရေးကြောင့် အတားအဆီးတွေကို ကျော်လွှားသွားနိုင်ဖို့ ရှိနေတယ်လို့ ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly