ဖိလစ်ပိုင်ကနေ ပြန်ပို့လိုက်သည့် အမှိုက်များကို ကနေဒါက ပြန်လက်ခံ၊ နှစ်ဘက်အငြင်းပွားမှု အဆုံးသတ်

ဖိလစ်ပိုင်ကနေ ပြန်ပို့လိုက်သည့် အမှိုက်များကို ကနေဒါက ပြန်လက်ခံ၊ နှစ်ဘက်အငြင်းပွားမှု အဆုံးသတ်

ဇွန် ၃၀ ။              ။ ဖိလစ်ပိုင်က အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို ကုန်တင်သင်္ဘောကြီးတစ်စင်းဖြင့် ကနေဒါသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ယခုအခါ ယင်းအမှိုက်သယ် သင်္ဘောကြီးသည် ဇွန်လ ၂၉ ရက်က ကနေဒါနိုင်ငံ ဗန်ကူးဗား မြို့စွန် ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ရောက်ခဲ့ပြီ ဖြစ်သည်။

ဖိလစ်ပိုင်တွင် နှစ်များစွာကြာ ရောက်ရှိနေခဲ့သည့် အမှိုက်သရိုက် တန်ချိန်များစွာတို့ကို ယခုအခါ မူလပိုင်ရှင်ဖြစ်သည့် ကနေဒါက ပြန်လည်လက်ခံတာဝန်ယူလိုက်ပြီ ဖြစ်၍ နှစ်ဘက်အကြား ကာလကြာ သံတမန်ရေး အငြင်းပွားမှု ပြေလည်အဆုံးသတ်သွားစေခဲ့ပြီ ဖြစ်သည်။

ယခု နိုင်ငံသို့ ပြန်ရောက်လာသည့် အမှိုက်များကို စွန့်ပစ်ပစ္စည်းကနေ စွမ်းအင်ထုတ်သည့် စက်ရုံသို့ ပို့ဆောင်ဖျက်ဆီးမည်ဟု ဒေသအာဏာပိုင်များက ပြောသည်။

ယခု အငြင်းပွားမှုသည် လွန်ခဲ့သည့် ၂၀၁၃ ၊ ၂၀၁၄ ကတည်းက ဖြစ်နေခဲ့ခြင်း ဖြစ်ပြီး ယင်းအချိန်က ကနေဒါ ကုမ္ပဏီတစ်ခုက ပြန်လည်အသုံးပြုနိုင်သည့် ပလတ်စတစ်များဟု မှားယွင်းတံဆိပ်ကပ်ထားသည့် အမှိုက်ကွန်တိန်နာများကို ဖိလစ်ပိုင်သို့ တင်ပို့ထားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမှိုက်များကို နိုင်ငံတွင် လက်ခံထားရှိခဲ့ရပြီးနောက် အနောက်နိုင်ငံများ၏ အမှိုက်ပုံ အဖြစ်မခံလိုကြောင်း ထုတ်ဖော်ပြီး ဖိလစ်ပိုင်အာဏာပိုင်တို့က ယင်းအမှိုက်များကို မူလပိုင်ရှင်ထံ ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required