တောင်ကျချောင်းရေကြောင့် ကျောက်မဲမြို့ ရေကြီးနှစ်မြုပ်

တောင်ကျချောင်းရေကြောင့် ကျောက်မဲမြို့ ရေကြီးနှစ်မြုပ်
Photo Sai Mong

အောက်တိုဘာ ၁၀ ။       ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၌ အောက်တိုဘာ ၁၀ ရက် နံနက် ၃ နာရီခန့်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများကြောင့် နမ့်သောင်းငေါင်းချောင်း ရေလျှံပြီး မြို့တွင်းရေကြီးနှစ်မြုပ်မှုဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောကြားသည်။

ရေကြီးမှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက်(၆)၊ (ရ)၊ (၈)နှင့် သဒ္ဓမ္မပါလဘုန်းကြီးကျောင်း နှစ်မြုပ်ခဲ့ပြီး အ.မ.က(၁)၊ အ.မ.က(၈)၊ အ.လ.က(၁)၊ အ.ထ.က(၁) တို့ပိတ်ထားရသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်း) မှ ကျောက်မဲမြို့နယ် ပြည်နယ်အမတ်လောင်း ဦးစိုင်းသန်းမောင် က ပြောသည်။

''မနက် ၃ နာရီ မိုးရွာပြီး ၄နာရီ ၅ နာရီလောက်မှာ မြို့ထဲရေကြီးတာ၊ အခု ၉ နာရီ ၄၅ မိနစ်မှာ ရေနည်းနည်း ပြန်ကျသွားပါပြီ။ အုတ်တံတိုင်းတချို့ပြိုလဲတယ်၊ လက်ဖက်ပွဲရုံတန်းအကုန်ရေဝင်လို့ ပိတ်ထား ရတယ်။ တံတား ၃ စင်းပိတ်ထားတာ ၂ စင်း ပြန်ဖွင့်ပြီ။ ထိခိုက်ဒဏ်ရာရတာ မရှိသေးဘူး။'' ဟု ၎င်းကဆိုသည်။

ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ ဦးစီးမှူးကိုယ်တိုင်ကွင်းဆင်း စစ်ဆေးနေပြီး အသေးစိတ်ကို ပြန်လာမှ သိရမည်ဟု တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required