မြေယာများကို မြန်မြန်ဆန်ဆန် ပြန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြေယာများကို မြန်မြန်ဆန်ဆန် ပြန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပုသိမ်၊ ဇွန် ၂၈ ။          ။ မြေယာများပြန်ပေးရန် ကြန့်ကြာနေသူများအား မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဓနုဖြူမြို့နယ်ရှိ တောင်သူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“မြေယာများပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက နှောင့်နှေးတယ်လို့ ကြားရပါတယ်။ နှောင့်နှေးနေတဲ့ နှောင့်နှေးချင်တဲ့ပုဂ္ဂိုလ်များကို မနှောင့်နှေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ ကိစ္စကို ဘယ်လိုဖက်တွယ်နေမှာလဲ။ မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဓနုဖြူမြို့နယ်တွင် တောင်သူလယ်သမား များနှင့် ဇွန်လ၂၈ရက်နေ့က တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး တောင်သူများက ဒေသအတွင်းလိုအပ်ချက်အခက် အခဲများကို တင်ပြမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

"ကျွန်မတို့ရဲ့ တောင်သူလယ်သမားဦးကြီးများအတွက် ဆိုလို့ရှိရင်း အဓိကကျတဲ့ မြေအသုံးချမှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေနည်းဥပဒေတွေကိုလည်း လွယ်ကူရှင်းလင်းအောင် တတ်နိုင်သမျှ ပြင်ဆင်ရေးဆွဲ တာတွေ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် လယ်ယာမြေဥပဒေ၊မြေလွတ်မြေရိုင်းဥပဒေကို အထူး ဦးစားပေးပြီး လွှတ်တော်အဖွဲ့အစည်းအသီးသီးက အစိုးရဌာနများနဲ့ ညှိနှိုင်းပြီးလုပ်ကိုင်နေပါတယ်။ ပြင်ဆင်ရေးဆွဲတာတွေဆောင်ရွက်နေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့သော လယ်ယာမြေများကို မူလပိုင်ရှင်ထံ အမြန် ဆုံး ပြန်လည်လွဲပြောင်းပေးရန်  နိုင်ငံတော်သမ္မတရုံးမှ ဦးစီးဆောင်ရွက်နေကြောင်း ပြည်သူများထံမှ တင်ပြမှုများတွင် လယ်ယာမြေကိစ္စသည် ထိပ်ဆုံးဖြစ်နေကြောင်း ထို့ကြောင့် လယ်ယာမြေပြဿနာ များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန် တွန်းအားပေးနေခြင်း ဖြစ်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“မြေတွေနဲ့ပတ်သက်ရင် သိမ်းထားတဲ့သူတွေက ပြန်မပေးချင်လို့ အချိန်ဆွဲတာတွေလည်း ရှိတယ်။ တချို့ဟာတွေကျ အုပ်ချုပ်ရေးပိုင်ဆ်ိုင်ရာက လုပ်ထုံးလုပ်နည်းတွေက မပီပြင်လို့ မကြန့်ကြာသင့်ဘဲ ကြန့်ကြာတာတွေလည်း ရှိပါတယ်။ ပြန်တောင်းတဲ့သူတွေကလည်း ပြည့်ပြည့်စုံစုံ အထောက်အထား မရှိတာတို့ တစ်ခါတလေလည်း မမှန်ကန်ဘဲနဲ့ တောင်းတာတွေလည်းရှိတယ်။ အားလုံးဘက်က ကိုယ်လုပ်ရမယ့် တာဝန်တွေ ကျေပွန်မှုဟာ သိပ်အရေးကြီးပါတယ်။ ဒါမှလည်း မြေယာကိစ္စတွေ အမြန်ဆုံးဖြေရှင်းနိုင်မှာပါ” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လယ်ယာမြေကိစ္စရပ်များအတွက် အခြေခံကသတ်မှတ်ချက်များ သတ်မှတ်ထားသော်လည်း လက် တွေ့မြေပြင်၌ နှစ်နဲ့ချီကာ စောင့်ဆိုင်းနေရသော ကိစ္စရပ်များ ကျန်နေသေးကြောင်း အဆိုပါကိစ္စရပ် များသည် အဘယ်ကြောင့် ကြန့်ကြာနေရသည်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရများအနေဖြင့် သေချာသုံးသပ်လေ့လာဆောင်ရွက်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly