“ သတင်းမီဒီယာ ကောင်စီကို မကြိုက်ရင် ကိုယ့်အဖွဲ့ ကိုယ်ထောင်”

“ သတင်းမီဒီယာ ကောင်စီကို မကြိုက်ရင် ကိုယ့်အဖွဲ့ ကိုယ်ထောင်”

ကိုမျိုးသန့်ရေ

ခုတလော ကျွန်တော်တို့ လောကထဲမှာ ပြောနေဆိုနေကြတဲ့ ပြဿနာ တစ်ခုကတော့ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းရေး ကိစ္စပါ။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာတော့ ယာယီ စာနယ်ဇင်းကောင်စီ တစ်ခုကို အာဏာပိုင်တွေ စိတ်ကြိုက် ဖွဲ့ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ စာနယ်ဇင်းလောကသားတွေ လက်မခံ၊ ညီညီညာညာ ကန့်ကွက်ခဲ့ကြ တော့ အဲဒီအစီအစဉ် ပျက်သွားခဲ့တယ်။ နောက်တော့ အစိုးရက အဆိုပြုသူတွေနဲ့ မီဒီယာလောက အုပ်စုအသီးသီးက လူတွေပါဝင်တဲ့ ယာယီစာနယ်ဇင်းကောင်စီ ဆိုတာကို ဖွဲ့စည်းပေးခဲ့တယ်။ သမ္မ တက အသိအမှတ်လည်း ပြုပေးသလို ကောင်းရာကောင်းကျိုး အသုံးပြုနိုင်အောင် ကျပ်ငွေ သိန်း ၅၀၀ ပေးတာလည်း လုပ်ခဲ့တယ်။ အဲလို ယာယီသဘော ဖွဲ့ထားတဲ့ ကောင်စီကို ကျွန်တော်ကတော့ တပ်ပေါင်းစု အဖွဲ့လို့တောင် ခေါ်ချင်ပါတယ်။

အဲဒီ ယာယီကောင်စီကိုပဲ ကန့်ကွက်တဲ့သူတွေက ကန့်ကွက်ကြသလို၊ သမ္မတပေးတဲ့ ကျပ် သိန်း ၅၀၀ လက်ခံတာကိုပဲ ကောင်စီဟာ အစိုးရနဲ့ ပေါင်းသွားသယောင် မဟုတ်က ဟုတ်ကတွေ စွတ်စွဲပြီး ကန့်ကွက်ခဲ့သူတွေကလည်း ကန့်ကွက် ခဲ့ကြသေးတယ်နော။ ကျွန်တော့် တစ်ဦးချင်း အမြင်ကတော့ စာနယ်ဇင်းကောင်စီမှာ ဥက္ကဋ္ဌ လုပ်သွားတဲ့ ဦးခင်မောင်အေး ဆိုတာ ပါလာက တည်းက သူ့ဂုဏ်သတင်းကြောင့် အလွန်ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိ မီဒီယာ ဥပဒေ အခုလောက် အခြေအနေရလာတာ သူ့ကို ကျေးဇူးတင်ရမယ်လို့ ကျွန်တော်တော့ ထင်တယ်။ ပြောမယ့် သာပြောရ၊ ကျွန်တော် ဆရာဦးခင်မောင်အေးကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ ဖူးပါဘူး။

နောက် ကောင်စီထဲမှာ ဆရာဖေမြင့်၊ ဦးသီဟစော၊ ဒေါက်တာမျိုးသန့်တင်၊ ကိုကျော်မင်း ဆွေ၊ ကိုဇော်သက်ထွေး၊ ကိုချစ်ဝင်းမောင်၊ ကိုမြင့်ကျော် စသဖြင့် လူတွေပါလာတော့ ကျွန်တော်ကတော့ ဝမ်းသာပါတယ်။ ကျွန်တော်နဲ့ အယူအဆ အတွေးအကြံတွေ ထပ်တူ မတူနိုင်ပေမယ့် သူတို့ အားလုံး စာနယ်ဇင်းမီဒီယာလောက ကောင်းအောင် လုပ်ကြမယ့် သူချည်းပါပဲ။ နောက်လူတွေ တစ်ယောက်ချင်း တစ်ယောက်ချင်းဆိုတာက တစ်နေ့တစ်ရက် ကြည့်ကြရတာမျိုးမှ မဟုတ်ပေပဲ။ နောက်ခံတွေ ကြည့်လိုက်ရုံနဲ့တင် ဒီလူတွေရဲ့ အနေအထားကို သိနိုင်လို့ ကျွန်တော်က ဝမ်းသာ တာပါ။

ဒါပေမယ့်လည်း စာနယ်ဇင်းကောင်စီထဲ ရောက်သွားတဲ့ လူတိုင်း လိုလိုလောက်ဟာ သူတို့ အလုပ်တွေ ကိုယ်စီ ကိုယ်ငှနဲ့ပါ။ ဆိုတော့ ကောင်စီအလုပ်တွေကများတော့ သူတို့လည်း စိတ်သွား တိုင်း ကိုယ်ပါ လုပ်နိုင်ကြခဲ့ဟန် မတူပါဘူး။

လူရယ်လို့ ဖြစ်လာရင် သူ့သက်မွေးဝမ်းကျောင်း အလုပ်မှာ ကောင်းအောင်လုပ်၊ သူ့သက် မွေးဝမ်းကျောင်း နယ်ပယ်ကိုလည်း ကောင်းအောင်လုပ်၊ နောက်လူတွေကိုလည်း လက်ဆင့်ကမ်း အမွေပေး သုံးမျိုးစလုံး လုပ်နိုင်ရင်တော့ အကောင်းဆုံးပါ။ အခု ကျွန်တော်ညွှန်းတဲ့ လူတွေဆိုတာ ဟာ သူတို့ သက်မွေးဝမ်းကျောင်း နယ်ပယ်မှာ ကောင်းအောင် လုပ်နေသူတွေ ဖြစ်ရုံမက သူ့နယ် ပယ်ကောင်းအောင် လုပ်ဖို့ စိတ်ထဲလည်းရှိ၊ လုပ်ဖို့လည်း ကြိုးစားနေကြသူတွေ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တောင် ကျွန်တော့် အချိန်တွေကို ဖဲ့ပြီး ကိုယ့်အသိုင်းအဝိုင်းကောင်းဖို့ အဖွဲ့အစည်းထဲဝင်ပြီး လုပ်ရမယ့် အလုပ်တွေကိုတောင် လုပ်ပေးနိုင်သေးတာ မဟုတ်ပါဘူး။ လက်ရှိ ကျွန်တော့် အလုပ်တွေကို ကောင်းအောင် လုပ်နေပြီး၊ နောင် ကိုယ့်အသိုင်းအဝိုင်း ကောင်းအောင် လုပ်ရမယ့် အလုပ်မျိုး၊ အဖွဲ့အစည်း အလုပ်မျိုးတွေမှာ လုပ်ပေးနိုင်အောင် ]ကြိုးစားဖို့တော့ ဆုံးဖြတ်ထားပါတယ်။

ကိုမျိုးသန့်ရေ

ကျွန်တော်တို့ ရှေးမျိုးဆက် စာရေးဆရာ၊ သတင်းစာ ဆရာကြီးတွေဖြစ်တဲ့ ဗန်းမော်တင် အောင်တို့ ဆရာမြသန်းတင့်တို့၊ ဒဂုန်တာရာတို့လို စာရေးဆရာ သတင်းစာ ဆရာတွေဟာ သူတို့ အလုပ်တွေကို သူတို့ ကောင်းကောင်း လုပ်ခဲ့ကြတယ်နော။ ဘယ်သူမှ အငြင်း မပွားနိုင်ကြပါဘူး။ ဒါတင်မက သူတို့ သက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အသိုင်းအဝိုင်းအတွက် အဖွဲ့အစည်းတွေမှာ လည်း တက်တက်ကြွကြွ လုပ်ကိုင် ခဲ့ကြသေးတယ်လေဗျာ။ တကယ့်ကို အားကျ စရာတွေပါ။ အခုခေတ်ဆို ဆရာဖေမြင့်လို ဆရာသီဟစောတို့လို လူတွေပါ။ အခုဆိုရင် ဆရာဦးအောင်လှထွန်း တို့လည်း ဝင်ပြီး လုပ်ကိုင်ပါတော့ မယ်။

ပြောရရင် ကျွန်တော်ရှေးက ဆရာကြီးတွေရော၊ မျက်မှောက်ခေတ် သက်ရှိထင်ရှား အဲဒီ ဆရာတွေကိုပါ ကျွန်တော် လေးစားတယ်၊ အားကျတယ်။ သူတို့လို ဖြစ်ချင်တယ်၊ သူတို့လို လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်တော့် အချိန်လေးဖဲ့ပေးဖို့ ကိုယ်ကျိုးကိုတော့ ကျွန်တော်က မစွန့်နိုင် သေးဘူးလေ။ ဒါပေမယ့်လည်း တစ်ခါတစ်ခါ စိတ်နောက်တယ်ဗျာ။ ဘယ်ဂျောင်ဂလောင်ကမှ မသိပဲ ပေါ်လာတဲ့သူတွေက Journalism work လည်း ဘာမှမရှိ၊ Journalism လောက အကျိုး ဘာတစ်ခုမှ မသယ်ပိုးခဲ့ပါပဲနဲ့ ကျွန်တော်လေးစား အားကျတဲ့ ဆရာတွေရဲ့ ခြေဖျားလောက်တောင် မမီပဲနဲ့ ခြေရာလိုက်တိုင်း၊ မဟုတ်က ဟုတ်က ပြောတာကိုတော့ ကျွန်တော် စိတ်ဆိုးတာ အမှန်ပါပဲ။ ကိုယ့် ကိုယ်ကျိုးစီးပွား တစ်ခုပဲ သိနေတဲ့ လူ့အန္ဓတွေပါ။ ထားပါတော့။

ခုဆို သတင်းမီဒီယာကောင်စီ ပြန်လည် ဖွဲ့စည်းပါတော့မယ်။ ရွေးချယ်ပွဲတွေ မကြာခင် လုပ်ပါတော့မယ်။ ကမကထ လုပ်ပေးသူဟာ ကျွန်တော်တို့ လေးစားတဲ့ ပါမောက္ခ ဒေါက်တာ မော်သန်းပါ။ ဘယ်နည်းဘယ်ပုံ ဖွဲ့စည်းမယ် ဆိုတာကတော့ ရှေ့မှာ ငြင်းခုံခဲ့ကြပြီးပါပြီ။ ကျွန်တော် တို့ဆီမှာ လုံးဝ ဒီမိုကရေစီနည်းကျ လုပ်မယ်ဆိုရင် လုပ်လို့ မဖြစ်နိုင်သေးတဲ့ အခြေအနေပါ။ အဓိ ကကတော့ ခိုင်မာတဲ့ အဖွဲ့အစည်းတွေ တည်ဆောက်ပြီးသား မရှိသေးလို့ပါ။ တစ်ချို့အဖွဲ့အစည်း တွေ လူနှစ်ယောက် တစ်ပိုင်းနဲ့ ဖွဲ့ထားပြီး လူတစ်ချို့က ဥက္ကဋ္ဌ အတွင်းရေးမှူး နေရာကနေ ဘယ် တော့မှ ဖယ်မပေးတော့တဲ့ အဖွဲ့အစည်းတွေပါ။ ဒါကြောင့် လက်ရှိ ဖွဲ့စည်းရမယ့် ဖွဲ့စည်းပုံ အခြေ အနေ အောက်ကနေပဲ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ပေးကြရမှာပါ။ ဘာပြောပြော ကျွန်တော် ကတော့ လက်ခံပါတယ်။

နောက်တစ်ချက် ဒီဖွဲ့စည်းမယ့် သတင်းမီဒီယာ ကောင်စီကို မကြိုက်တဲ့ သူတွေ၊ ကိုယ်ကျိုး ဖက်ပြီး မဟုတ်ကဟုတ်က ပြောနေသူတွေကို တစ်ခုပဲ ပြောချင်ပါတယ်။ ခင်ဗျားတို့ သဘောမကျ ရင် မပါဝင် ကြပါနဲ့။ ခုဆို အသင်းအပင်းတွေ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့် ရနေပြီ။ အများ သူငါရဲ့ အဖွဲ့အစည်းကို အပြစ်တင်နေမယ့်အစား ခင်ဗျားတို့ဖာသာ ခင်ဗျားတို့ စိတ်ကြိုက် အဖွဲ့ကို ထူထောင်ကြပါလို့။ စိတ်မပူပါနဲ့ ခင်ဗျားတို့ကို ထောက်ခံသူတွေရှိရင် ခင်ဗျားတို့ အဖွဲ့ထဲ ဝင်ကြပါ လိမ့်မယ်။ ထောက်ခံသူ မရှိရင်တော့ ခင်ဗျားတို့အဖွဲ့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေလိမ့်မယ်လို့ပဲ ပြော လိုက်ချင်ပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags