သတင်းသမားများဖမ်းဆီးထောင်ချခံရမှုများကိုဖြေရှင်းပေးရန် PC တွင်တာဝန်ရှိဟုဆို

သတင်းသမားများဖမ်းဆီးထောင်ချခံရမှုများကိုဖြေရှင်းပေးရန် PC တွင်တာဝန်ရှိဟုဆို
ဓာတ်ပုံ - စိုးသူအောင် (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၂၇ ။           ။ သတင်းရယူရေးသားခဲ့သည့် သတင်းသမားများအား မကျေနပ်ပါက ပုဒ်မအကြီးများတပ်ကာ ဖမ်းဆီး ထောင်ချမှုများကို ဖြေရှင်းပေးရန် မိမိတို့ မီဒီယာကောင်စီ (PC) တွင်တာဝန်ရှိသည်ဟု PC ဥက္ကဋ္ဌ ဦးအုန်းကြိုင် ကပြောဆိုလိုက်သည်။

“ ပြောင်းလဲသွားတဲ့အပြောင်းအလဲဟာ အကြမ်းဖက်မှုဆိုတာ တော်တော်လျော့သွားတယ်။ ဘာဖြစ်လာလဲဆိုတော့ သတင်းထောက်တွေသတင်းရေးသားမှုနဲ့ ပတ်သက်လို့ မကျေနပ်ရင် ပုဒ်မ အကြီးကြီးတွေ ဥပဒေဟောင်းတွေနဲ့ဖမ်းဆီးတာ။ ဒါဟာအကြမ်းဖက်မှုထက်ပိုပြီး ခံပြင်းစရာ ကောင်း တယ်။ ကျွန်တော်တို့ကြုံတွေ့ရတဲ့အခက်အခဲတွေပါ။ ဒါတွေလည်းပဲ ဆက်လက်ပြီးဖြေရှင်းဖို့ မီဒီယာ ကောင်စီရဲ့တာဝန်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးကာ ဖြေရှင်းရန်ကြိုးပမ်းနေမှုများလည်းရှိသည်ဟု ဦးအုန်းကြိုင်ကပြောသည်။

သတင်းမီဒီယာသမားများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြံပြုဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ရှိ ဂရင်းဟေးစ် ဟိုတယ်တယ်တွင် ဇွန်လ ၂၇ ရက်က အဖွင့်မိန့်ခွန်းတွင် PC ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် မီဒီယာကောင်စီအနေဖြင့် သတင်းသမားများကို ဥပဒေကြောင်းအရ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာအရ ရာနှုန်းပြည့်ကာ ကွယ်ပေးနိုင်သည့် အနေအထားမျိုး မရှိသေးကြောင်း ကောင်စီတွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်ကဆိုသည်။

“ သတင်းလွတ်လပ်ခွင့်ဆိုတဲ့ လွတ်လပ်မှုဘောင်ထဲကနေပဲပြောရတာ။ တချို့ဟာတွေကတော့ ကြားဝင်ညှိနှိုင်းဖို့ကြိုးစားတဲ့ဟာတွေရှိတယ်။ အဆင်ပြေတာတွေရှိတယ်။ တချို့ဟာတွေက တစ်ဖက် က အဲ့တာမျိုးမလျော့ပေးဘူးဆိုရင်တော့ ဆိုလိုချင်တာက တစ်ရာရာခိုင်နှုန်း ကာကွယ်ဖို့ကတော့ လက်တွေ့မှာအခက်ခဲတွေအများကြီးရှိနေသေးတယ်လို့ပဲပြောရမှာပေါ့”  ဟု  ၎င်းကပြောသည်။

ထို့အပြင် ဥပဒေအရ အကြောင်းတစ်စုံတစ်ရာဖြစ်ပွားပါက မီဒီယာကောင်စီသို့ ပထမဆုံး တိုင်ကြား ရမည်ဆိုသော ဥပဒေမျိုးရှိမနေခြင်းသည်လည်း အားနည်းချက်တစ်ခုဖြစ်ကြောင်း ဦးမြင့်ကျော်က သုံးသပ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် အခြားအဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး အကြံပြုချက်များ အပေါ်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly