ရေနစ်သေဆုံးပြီး ကမ်းလာကပ်တဲ့ ရွှေ့ပြောင်းသားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကြောင့် စိတ်ဆိုးဒေါသထွက်

ရေနစ်သေဆုံးပြီး ကမ်းလာကပ်တဲ့ ရွှေ့ပြောင်းသားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကြောင့် စိတ်ဆိုးဒေါသထွက်

မက္ကဆီကိုစီးတီး၊ ဇွန် ၂၆ ။          ။ မက္ကဆီကိုနိုင်ငံကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ ရီယိုဂရန်ဒီမြစ်ကို ဖြတ်ကူးရင်း ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ ဖခင်နဲ့ နှစ်နှစ်သမီးငယ်လေးဟာ ရေနစ်သေဆုံးပြီး သူတို့ ရုပ်အလောင်းနှစ်လောင်း အတူယှဉ်တွဲလျက် ကမ်းမှာ လာကပ်တာကြောင့် တွေ့မြင်ရသူအပေါင်း စိတ်မကောင်းဖြစ်ကြပြီး စိတ်ဆိုးဒေါသ ထွက်ကြရပါတယ်။

အယ်ဆာဗေဒိုနိုင်ငံက အသက် ၂၅ နှစ်ရှိ အော်စကာမာတင်နက်ဇ်ရာမီရက်ဇ်ဟာ အသက် ၂၁ နှစ်အရွယ် ဇနီးနဲ့ သမီးကို အတူတွဲခေါ်ရင်း တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာ မက္ကဆီကိုကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ မြစ်ကိုဖြတ်ကူးခဲ့တာ ဖြစ်ကြောင်း အေအက်ဖ်ပီက ရရှိလိုက်တဲ့ မက္ကဆီကိုတရားရုံးအစီရင်ခံစာ တစ်ရပ်အရ သိရပါတယ်။

ရာမီရက်ဇ်ဟာ သူတို့ရဲ့ နှစ်နှစ်သမီးလေးကို ကျောမှာ ချီပိုးရင်း မြစ်ကို ဖြတ်ကူးတာ ဖြစ်ပါတယ်။ သမီးငယ် ဘေးကင်းစိတ်ချရအောင် သူ့ တီရှပ်ထဲ ထည့်သွင်းချီပိုးရင်း မြစ်ကို ဖြတ်ကူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လှိုင်းထန်တာကြောင့် သူတို့ သားအဖဟာ မျောပါသွားရင်း မိခင်ရဲ့ မျက်စိရှေ့မှာတင် သမီးငယ်ရော၊ လင်ယောက်ကျားဖြစ်သူပါ ရေနစ်သွားခဲ့ကြတာပါ။ မိခင်ဖြစ်သူ ရာမီရက်ဇ်ရဲ့ ဇနီးသည်ကတော့ ဒီ တုန်လှုပ်ခြောက်ခြားဖွယ် အဖြစ်ဆိုးကနေ အသက်ရှင် လွတ်မြောက်ပြီး ကမ်းကို ကူးလာနိုင်ခဲ့ပါတယ်။

ရာမီရက်ဇ်တို့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကို နောက်တစ်နေ့ တနင်္လာနေ့မှာမှ တာမူလီပတ်စ်ပြည်နယ်က မာတာမိုရို့စ်မြို့ မြစ်ကမ်းမှာ ကမ်းလာကပ်မှာ ပြန်လည်တွေ့ရှိရတော့တာ ဖြစ်ပါတယ်။

သားအဖနှစ်ဦးစလုံး ရေပေါ် မှောက်ခုံ ပေါလောပေါ်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အယ်ဆာဗေဒိုမှာရော၊ မက္ကဆီကိုမှာပါ စိတ်မကောင်းဖြစ်ကြရင်း စိတ်ဆိုးထွက်စရာလည်း ဖြစ်ကြရပါတယ်။ သမ္မတ ထရမ့် ဖိအားကြောင့် မက္ကဆီကိုနိုင်ငံမှာ ရွှေ့ပြောင်းဝင်ရောက်သူတွေ စီးဆင်းမှုကို ရပ်တန့်အောင် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ကြလျက် ရှိနေချိန် ခုဖြစ်ရပ် ဖြစ်ပွားပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေအရ နိုင်ငံခိုလှုံဖို့ နယ်စပ်ဖြတ်ကျော်ကြတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို အကာအကွယ်ပေးထားပြီး မက္ကဆီကိုနိုင်ငံအနေနဲ့ မြောက်ပိုင်းနယ်စပ်ကနေ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ကြသူတွေကို တားဆီးခဲ့ရိုး မရှိခဲ့ပေမယ့် အမေရိကန် ဖိအားကြောင့် တားဆီးမှုတွေ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required