မူးယစ်ဆေးဝါးများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးနေသော်လည်း လျှော့ကျသွားခြင်း မရှိ

မူးယစ်ဆေးဝါးများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးနေသော်လည်း လျှော့ကျသွားခြင်း မရှိ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇွန် (၂၆) ။         ။ မြိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ် သုံးစွဲမှုများကို နှစ်စဉ် ဖမ်းဆီးအရေးယူနေသော် လည်း အမှုများလျှော့ကျသွားခြင်းမရှိဘဲ အမှုများ နှစ်ဆအထိတိုးမြင့် လာနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးမြင့်က ပြောသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနားကို ဇွန်လ ၂၆ ရက်က မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 “မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြိတ်ခရိုင်မှာ နှစ်စဉ် ဖမ်းဆီးနေပေမယ့် လျော့ကျသွားတာမျိုး မရှိပါဘူး။ ပိုပြီးတော့ ဖမ်းဆီးရရှိနေသလို ဒီနှစ်လည်း ဖမ်းဆီး ရရှိမှုမှာ နှစ်ဆ အထိ တိုးလာတယ်”ဟု မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်သော ဒုရဲမှူးကြီး ကျော်မျိုးမြင့်က ပြောသည်။

မြိတ်ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ ၂၀၁၈ ခုနှစ်၌ အမှုပေါင်း ၄၂၇ မှု၊  WY စာတန်းပါ စိတ်ကြွဆေးပြား ၄ သိန်းခွဲကျော်ကိုဖမ်းဆီးခဲ့ပြီး ကာလ တန်ဖိုး ကျပ်သိန်း ပေါင်း ၂၄၉၀၀ ကျော်ရှိကြောင်း သိရသည်။

ထိ့ုအပြင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၀၃ မှု၊  WY စာတန်းပါ စိတ်ကြွဆေးပြား ၄ သိန်းခွဲကျော်တို့ကို ဖမ်းဆီး နိုင်ခဲ့ပြီး၊ တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ၆၀၈၄၄ အထိ ရှိကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

“တနင်္သာရီတိုင်း မြိတ်ခရိုင်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ရောင်းဝယ် သုံးစွဲမှုတွေက အရေးယူတဲ့ အပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူလူထုတွေ ပူးပေါင်း ဖမ်းဆီးနေပေမယ့် ဒီနေ့ အထိ လုံးဝ လျော့ကျ သွားခြင်း မရှိသလို နှစ်စဉ် နှစ်စဉ် တိုးလာနေတာပဲ ရှိနေတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း၏ အတွင်းရေးမှူး ဦးဝင်းမောင်က ပြောသည်။

မြိတ်မြို့တွင် ကျင်းပသည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ တစ်နှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်တရားခံများ၏ မှတ်တမ်း ပုံများ၊ မူးယစ်ပြခန်းများနှင့် စွမ်းစွမ်းတမံ ဖမ်းဆီးအရေးပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။  
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required