(ယာယီ) တာမွေစျေး ပြန်လည်အဆင့်မြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုဆို

(ယာယီ) တာမွေစျေး ပြန်လည်အဆင့်မြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုဆို
ဓာတ်ပုံ-ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇွန်လ ၂၆ ။         ။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်အတွင်းရှိ (ယာယီ)တာမွေစျေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (စျေးများဌာန)မှ ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်မှု၌  ပွင့်လင်းမြင်သာမှုမရှိကြောင်း စျေးသူစျေးသားများက ပြောသည်။

အဆိုပါစျေး အဆင်မြှင့်တင်မှုအတွက် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တာမွေစျေး(ယာယီစျေး)မှ စျေးသူစျေးသားများက သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့သည်။

"အဓိကအကြောင်းအရင်းက စျေးသူစျေးသားတွေ မသိဘဲနဲ့ မသိတောင်မသိသေးပါဘူး။ဒီဂျာနယ်မှာ ပါလာတယ်။အဲဒါကို စျေးသူ စျေးသားတွေအနေနဲ့ စိုးရိမ်စိတ်များတယ်။ အဲဒါကိုအဓိကပြောချင်တယ်။ နောက်ပြီးတော့ သူတို့လုပ်တဲ့ကိစ္စမှာ ၂ ချက်ပါပဲ။ ဌာနဆိုင်ရာနဲ့လုပ်တဲ့ကိစ္စမှာ ကျွန်တော်တို့ စျေးသူ စျေးသားတွေကို ပွင့်လင်းမြင်သာမှု မရှိဘဲ ၊နောက် ပြည်သူပြည်သားတစ်ယောက်ကို လုပ်ပေးသင့်တာ ကို မချပြဘဲ လုပ်တဲ့ကိစ္စကို ကျွန်တော်တို့က သတင်းဂျာနယ်တွေကတစ်ဆင့် သက်ဆိုင်ရာဌာန လူကြီးမင်းတွေကိုလည်း သိစေချင်တယ်။ကျွန်တော်တို့က စျေးတည်ဆောက်တာကို လုံးဝမကန့်ကွက် ပါဘူး။ အဓိက ကပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ လုပ်ဆောင်တာရယ် စျေးသူစျေးသားကို ဘယ်အပိုင်းက ဘယ်နေရာ ရောက်နေပါပြီ ဆိုတာကို ချမပြတာပါ " ဟု တာမွေ(ယာယီစျေး) အတွင်း စျေးရောင်းချ နေသည့် ကိုဝင်းဝင်း က မဇ္စျိမ သတင်းဌာန ကိုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြည်မြန်မာဂျာနယ်တွင် တာမွေစျေးကို အဆင့်မြှင့်တင်တည်ဆောက် တော့မည်ဆိုသည့်သတင်းကိုဖော်ပြပါရှိခဲ့ပြီး တာမွေ(ယာယီစျေး)မှ စျေးသူစျေးသားများအနေဖြင့် အဆိုပါကိစ္စကို မသိရှိရဟုဆိုကာ သတင်းစာရှင်းလင်းပွဲတစ်ခုကို ဇွန်လ ၂၆ ရက်နေ့ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စအတွက် တာမွေ(ယာယီစျေး) မှစျေးသူစျေးသားများနှင့် ခရိုင်အဆင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(စျေးများဌာန) တို့ တွေ့ဆုံဆွေးနွေးသွားမည်ဟုလည်း သိရသည်။

" နှစ်ချက်ပဲလေ ပွင့်လင်းမြင်သာမှုမရှိတာရယ်၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြောခဲ့ဖူးတယ်လေ။ ပီသုံး လုံးစနစ်နဲ့လုပ်ဖို့လေ။ ပီသုံးလုံးဆိုတာက စျေးသူစျေးသားရယ် ၊ဆောက်လုပ်မယ့်ကန်ထရိုက်တာ ၊ဌာနဆိုင်ရာရယ် ပူးပေါင်းပြီး ညှိနှိုင်းပြီးလုပ်ကြဖို့ အဲဒါမျိုးပါ ။ ဒီအစီအစဉ်ကြီးသာ ထွက်လာတယ် ကျွန်တော်တို့ ဘာမှာမသိခဲ့ဘူး။သူတို့ကတော့ ပြောမှပေါ့။ ကျွန်တော်တို့ တင်ပြထားတဲ့အချက်တွေ ၃၅ ချက် ၃၆ ချက်ရှိတယ်လေ။ အဲဒီအချက်တွေနဲ့ တူအောင်လုပ်ပြီးတော့မှာ သူတို့လုပ်ထားတယ်ပေါ့။ အဲလိုပြောတာပေါ့။ ဒါပေ့မယ့် ကျွန်တော်ပြောတာက အသိပေးစေချင်တယ်။ညှိနှိုင်းစေချင်တယ်။ ပွင့်လင်းမြင်သာမှုရှိစေချင်တယ်။စျေးသူ စျေးသားကိုပြည်သူပြည်သား တစ်ယောက်အနေနဲ့ တစ်လေးတစား ဖြစ်သင့်တာကို ချပြစေချင်တယ် " ဟု ကိုဝင်းဝင်းက ဆက်ပြောသည်။

၆ ဒသမ ၅၆၃ ဧကရှိသော တာမွေစျေးနေရာကို ယာယီတာမွေစျေးအဖြစ် ၁၉၉၄ ခုနှစ်တွင် စျေးရုံ ၁၈ ရုံဖြင့် ဖွင့်လှစ်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly