ဘွဲ့လွန်တက်နေသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ရုရှားတွင် သေဆုံး

ဘွဲ့လွန်တက်နေသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး ရုရှားတွင် သေဆုံး

ရန်ကုန်၊ ဇွန် ၂၆ ။         ။ ရုရှားနိုင်ငံရှိ မော်စကို အီလက်ထရောနစ် နည်းပညာတက္ကသိုလ်တွင် ဘွဲ့လွန်တက်နေသည့် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက  မဇ္စျိမသို့ အတည်ပြုပြောကြားသည်။

“ ဟုတ်ပါတယ်။ ရုရှားက ဒုအတွင်းဝန်လည်းအတည်ပြုထားပြီးသားဖြစ်ပါတယ်။ စစ်ဆေးနေဆဲဆိုတာပဲသိရတယ်” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါတက္ကသိုလ်၏ ဘော်ဒါဆောင် အနောက်ဘက်တောအုပ်တစ်ခုထဲတွင် ဗိုလ်ကြီးအဆင့်ရှိ ကျော်ရဲအောင် အမည်ရ အသက် ၂၇ နှစ်အရွယ် မြန်မာကျောင်းသားတစ်ဦး၏ အလောင်းကို ဇွန်လ ၂၂ ရက်နေ့က တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

ဗိုလ်ကြီး ကျော်ရဲအောင်သည်  ဇွန်လ ၂၀ ရက်နေ့ကတည်းက အဆောင်သို့  ပြန်မလာသည့်အတွက် အခန်းဖော်များမှလိုက်ရှာခဲ့ရာတွင် အဆိုပါ တက္ကသိုလ်တွင် အတူတက်နေသည့် မြန်မာကျောင်းသား မောင်ခန့်ဝင်း ဆိုသူကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် လူနာတင်ယာဉ်ကို ချက်ချင်း ခေါ်ခဲ့သော်လည်း ဆေးဘက်ဝန်ထမ်းများက လူငယ်အမျိုးသား သေဆုံးနေကြောင်း အတည်ပြုခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

တောအုပ်ထဲရှိ သစ်ပင် တစ်ပင်ပေါ်တွင် ကြိုးဆွဲချ သေဆုံးနေသည့် အနေအထားဖြင့်တွေ့ရှိခဲ့ပြီး ကနဦးစစ်ဆေးချက်များအရ အပြင်ပန်း ထင်သာမြင်သာရှိသည့် ဒဏ်ရာများကို မတွေ့ရဟု Kp.ru သတင်းဌာနမှဖော်ပြခဲ့သည်။

အဆိုပါ သတင်းဌာနအနေဖြင့် သေဆုံးသူ၏ ဓာတ်ပုံဟု ဆိုကာ ထုတ်ပြန်ခဲ့သည့် ပုံသည် လွန်ခဲ့သော နှစ်များက ရုရှားတွင် ပညာသင်ယူခဲ့သည့် အမည်တူ မြန်မာတစ်ဦး၏ ပုံကို မှားယွင်းထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required