ဝီဂါမွတ်စလင်အရေး စွပ်စွဲချက်တွေကို တရုတ် ငြင်းပယ်ပြီး လူ့အခွင့်အရေး မဟာမင်းကြီးကို လာရောက်ဖို့ ဖိတ်ကြား

ဝီဂါမွတ်စလင်အရေး စွပ်စွဲချက်တွေကို တရုတ် ငြင်းပယ်ပြီး လူ့အခွင့်အရေး မဟာမင်းကြီးကို လာရောက်ဖို့ ဖိတ်ကြား

ဂျနီဗာ၊ ဇွန် ၂၆ ။       ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသမှာ ဝီဂါမွတ်စလင် ထောင်ပေါင်းများစွာကို ထိန်းသိမ်းရေးစခန်းတွေထဲ ထားရှိထားတယ်ဆိုတဲ့ အငြင်းပွားဖွယ် ကိစ္စရပ်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ တရုတ်နိုင်ငံဟာ ကာကွယ်ငြင်းဆိုလိုက်ပါတယ်။

ဒါအပြင် အဲဒီ အရပ်ဒေသကို လာရောက်လည်ပတ် ကြည့်ရှုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ်ဘာ့တ်ချီလက်ကို တရုတ်နိုင်ငံက ဖိတ်ကြားခဲ့ပါတယ်။

“ဂုဏ်သရေရှိ အမျိုးသမီး မစ်ရှဲလ်ဘာ့တ်ချီလက်ကို ကျွန်တော် ရိုးရိုးသားသား ဖိတ်ကြားပါတယ်။ လူ့အခွင့်အရေး ကောင်စီဝင်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေကိုပါ ဖိတ်ခေါ်ပါတယ်။ အဲဒီ ရှင်ကျန်းဒေသရဲ့ လှပမှုနဲ့အတူ အမှန်တရားနဲ့ ဧည့်ဝတ်ကျေမှုတွေကို ကိုယ်တိုင်လာရောက် လေ့လာစေလိုပါတယ်။”လို့ တိုင်းရင်းသား ဝီဂါလူမျိုးစု ဒုတိယ အကြီးအကဲ အာကင်တူနီယက်ဇ်က လူ့အခွင့်အရေး ကောင်စီရဲ့ အင်္ဂါနေ့ အစည်းအဝေးမှာ ထုတ်ပြန်ပြောဆိုတာ ဖြစ်ပါတယ်။

ဝီဂါတွေကို ထိန်းသိမ်းထားတယ်ဆိုတဲ့ စင်တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တရုတ်က ထိပ်တန်း တာဝန်ရှိသူတစ်ဦး ပထမဆုံး လာရောက် ရှင်းလင်းမှု ဖြစ်တာကြောင့် အာကင်ရဲ့ ထုတ်ပြန်ချက်ကို လူ့အခွင့်အရေး ကောင်စီက သေချာလေ့လာသုံးသပ်လျက် ရှိနေပါတယ်။

ရှင်ကျန်းပြည်နယ်မှာ ပညာပေးရေးစခန်းတွေဆိုပြီး လူနည်းစု မွတ်စလင် တစ်သန်းနီးပါးကို ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး အုပ်စုတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အဲဒီ စင်တာတွေဟာ သက်မွေးမှုအတတ်သင်နဲ့ လေ့ကျင့်ရေး စင်တာတွေဖြစ်ပြီး ဘာသာရေး အစွန်းရောက်ဝါဒရဲ့ အလွှမ်းမိုး မခံရအောင်နဲ့ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက် ၀ါဒရဲ့ သားကောင်ဖြစ််ပြီး ပြစ်မှုတွေ ကျူးလွန်လာခြင်း မရှိအောင် ပညာပေးဖို့ ထူထောင်ထားတဲ့ စခန်းတွေ ဖြစ်တယ်လို့ အာကင်က အတည်ပြု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required