မဲဆွယ်ကာလ ရန်ကုန်မှအသံများ

မဲကို ဘယ်လိုပေးရမယ်ဆိုတာတော့ အခုချိန်ထိ မသိသေးဘူး။  နေရာ တော်တော်များများ တွေ့နေရတဲ့ ဒေါင်းနဲ့ အလံကိုတော့ မှတ်ထားတယ်။  အဲဒါ ကိုယ်ပေးရမယ့် ပါတီရဲ့ အမှတ်တံဆိပ် ဆိုတာ။  တခြားဘယ်သူတွေ ဝင်ပြိုင်တယ်ဆိုတာ မှတ်စရာ မလိုပါဘူးဗျာ။  အပြောင်းအလဲကို လိုချင်တော့ ကိုယ်ပေးရမယ့်ဟာ မှတ်ထား ပြီးတာပဲ။  ဘယ်သူတွေ မဲဆွယ်စကား လာပြောပြော လူမှုရေးအရတော့ ရေလိုက်ငါးလိုက်ပေါ့။ 

ကိုတိုးအောင် (အငှားယာဉ်မောင်း၊ သင်္ဃန်းကျွန်းမြို့နယ်)

ကိုယ့်နာမည် မဲစာရင်းမှာ မပါတော့ မဲသွား မထည့်ရုံပဲပေါ့။  နိုင်ငံရေးကို စိတ်လည်း မဝင်စားဘူး၊ သိလည်း မသိဘူး။  ကိုယ့် စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာ။  ဘယ်ပါတီ တက်တက် ကိုယ့်အလုပ် ကိုယ်လုပ်နေရဖို့က အရေးကြီးတာပဲ။

ကိုရန်နောင်စိုး (အနှေးယာဉ်မောင်း- သင်္ဃန်းကျွန်း)

တခြား ဘယ်ပါတီတွေ ဝင်ပြိုင်တယ်ဆိုတာ စိတ်လည်း မဝင်စားဘူး။  သိလည်း မသိချင်ဘူး။  စုံလည်း မစုံစမ်းဘူး။  ကိုယ့်မှာ ဘယ်ပါတီကို  ပေးရမယ်ဆိုတာပဲ သိထားတယ်။    မဲပေးရင် ဘယ်တံဆိပ်ကို ပေးရမယ်ဆိုတာပဲ မှတ်ထားတာ။  ဒါကလည်း အပြောင်းအလဲကို လိုချင်လို့။   အရင်အချိန်က တွေ့ခဲ့ မြင် ခဲ့ရတဲ့ ဟာတွေကြောင့် အရင်အစိုးရ ပါတီကို လုံးဝ မဲပေးဖို့တော့ မရှိဘူး။

ကိုကျော်မိုး (ဈေးသည်၊ သင်္ဃန်းကျွန်း)

ရွေးကောက်ပွဲ လုပ်မယ်ဆိုတာတော့ သိပါတယ်။  ဘယ်ရက်လုပ်မလဲ ဆိုတာတော့ မသိပါဘူး။  မဲထည့်ဖို့စိတ်ဝင်စားပါတယ်။  ကိုယ်လည်း မြန်မာနိုင်ငံသား ဆိုတော့ မဲထည့်ချင်တာပေါ့။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်စုပါတီကို မဲထည့်မှာပါ။ သူများတွေကလည်း ဒီပါတီပဲ မဲထည့်မှာ ဆိုတော့ ကိုယ်လည်း ဒီပါတီပဲ မဲထည့်ရမှာပေ့ါ။  လူမှုရေး၊ စီးပွားရေး ပြောင်းလဲလာမယ် ထင်လို့အဲပါတီကို မဲထည့်မှာပါ။

ဦးအောင်သန်း   (သန့်ရှင်းရေးအလုပ်သမား၊ မင်္ဂလာတောင်ညွန့်မြို့နယ်)

ကြံ့ခိုင်ရေးပါတီက အစိုးရ (ထပ်) ဖြစ်သွားမယ် ဆိုရင်တော့ တိုင်းပြည်ပြောင်းလဲ သွားမယ်လို့ မထင်ပါဘူး။ (ပြီးခဲ့တဲ့) ငါးနှစ်တာ ကာလမှာ ပြောင်းလဲတာ ဘာမှ မရှိပါဘူး။  ဖုန်းပေါတာ၊ ကားတွေပေါတာက တိုင်းပြည် ပြောင်းလဲလာတယ်လို့မထင်ပါဘူး။  အိမ်နီချင်းနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အဲပစ္စည်းတွေကို အသုံးပြုနိုင်တာပါ။  ကားများလွန်းတော့လည်း လမ်းတွေ ပိတ်တယ်။ 

အစိုးရအနေနဲ့အဲဒီလိုလမ်းတွေ မပိတ်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။  မီးလောင်တယ် ဆိုရင် မီးသတ်ကားသွားလို့မရအောင် လမ်းတွေပိတ်နေတယ်။  နာမကျန်းဖြစ်လို့ဆေးရုံကား သို့မဟုတ် အိမ်ကားနဲ့သွားရင်လည်း လမ်းမှာ ပိတ်နေတာနဲ့တင် တော်တော်ကြာတယ်။  အင်မတန်ကို ဒုက္ခရောက်တယ်၊ ဒါ မကောင်းပါဘူး။

၁၉၉ဝ တုန်းက NLD ကို ထည့်ခဲ့ပါတယ်။  ၂ဝ၁ဝ တုန်းကတော့ NLD ဝင်မပြိုင်တော့ မဲသွား မထည့်ပါဘူး။  ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ NLD ပဲ ထည့်ပါတယ်။  မဲစာရင်းလည်း သွားကြည့်ပြီးပါပြီ။ မှန်ပါတယ်။  တစ်အိမ်သားလုံးလည်း ပါပါတယ်။   

ဦးလှရွှေ (ဂက်စ်အိုးလုပ်ငန်း လုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)

၂ဝ၁ဝ တုန်းက ပြည်ထောင်စု လွှတ်တော်အတွက်  ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ ပါတီကို မဲထည့်ခဲ့ပါတယ်။  အမျိုးသား လွှတ်တော်ကျတော့ အမျိုးသားအင်အားစုပါတီ (NDF) ပါတီကို မဲထည့်ခဲ့ပါတယ်။  တိုင်းဒေသကြီးကျတော့ ဘယ်သူမှ မထည့်ပါဘူး။  ထည့်စရာပါတီက ကိုယ်မကြိုက်တဲ့ ပါတီမို့လို့ပါ။ 

၂ဝ၁၂ ကြားဖြတ်တုန်းကတော့ ဒေါ်ဖြူဖြူသင်း - NLD ကို မဲထည့်ခဲ့ပါတယ်။  NLD ပါတီသာ အစိုးရဖွဲ့ခွင့်ရရင်   ကုန်ဈေးနှုန်းကြီး၊ အလုပ်ကိုင်ရှားပါး၊ လူတန်းစားမညီမျှ၊ ဆင်းရဲချမ်းသာ မညီမျှတဲ့ ကိစ္စ၊ မြန်မာပြည်မှာ အခုဖြစ်နေတာက လူလတ်တန်းစားတွေ ပျောက်ဆုံးနေတာ၊ အဲကိစ္စလိုမျိုး တွေကိုလည်း ဖြေရှင်းနိုင်မယ်လို့ထင်ပါတယ်။  အများကြီးတော့ မကောင်းနိုင်ပါဘူး။  ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စတွေ အမျိုးသားပညာရေးဥပဒေကိစ္စတွေ အများကြီး ဖြေရှင်းရဦးမှာ။

ဦးသိန်းနိုင်ဝင်း (သံတံခါးလုပ်ငန်းလုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)

ရခိုင်အမျိုးသားပါတီ၊ ခွပ်ဒေါင်းပါတီ၊ ကြံ့ခိုင်ရေး ပါတီတို့ကို သိပါတယ်။  ရွေးကောက်ပွဲမှာက NLD ကို နိုင်စေချင်တယ်။ အပြောင်းအလဲ တစ်ရပ်ကို လိုချင်တယ်။ လှိုင်သာယာမှာ ယာယီ သန်းခေါင်စာရင်းနဲ့ နေတာပါ။  အဲဒါကြောင့် (မဲပေးခွင့်ရဖို့) သွားလျှောက်ထားပါတယ်။  အိမ်ရှင်ကနေတစ်ဆင့် တိုင်ပေးထားတဲ့ ဧည့်စာရင်းထောက်ခံချက်နဲ့မှ ရပ်ကွက်ရုံးက လုပ်ပေးတာ။

ကိုထွန်းထွန်း (အငှားဆိုင်ကယ်မောင်းသူ၊ လှိုင်သာယာမြို့နယ်)

စက်ရုံမှာ လုပ်ရတာဆိုတော့ အချိန်မရဘူး။ မဲစာရင်းလည်း မစစ်ရသေးပါဘူး။  ဧရာဝတီတိုင်း မော်ကျွန်းကနေ ပြောင်းလာတာ။ ဒီမှာ ပေးမရရင်တော့ ဟိုမှာပြန်ပေးရမှာပေါ့။  မဲပေးလို့ ဘာတွေ တစ်ခုခု ပြန်ရမယ်ဆိုတာ မမှန်းမိပါဘူး။  ကိုယ့်နိုင်ငံအေးချမ်းဖို့နဲ့ အဆင်ပြေဖို့ဆိုရင် ရပါတယ်။   

မသန်းသန်းမော် (စက်ရုံအလုပ်သမား၊ လှိုင်သာယာ)

 ပါတီဘယ်နှစ်ခု ရှိမှန်းတော့ မသိဘူး။ အခုဆို အသက်၂၃ ပေါ့။ မှတ်ပုံတင် မရှိလို့ ကြုံဖူးတဲ့ ရွေးကောက်ပွဲ တွေမှာလည်း မဲမပေးခဲ့ရဘူး။  အခုလည်း မှတ်ပုံတင်မရှိတော့ မဲပေးလို့ မရဘူးဖြစ်နေတယ်။ 

သက်ပိုင် (အနှေးယာဉ်မောင်း၊ လှိုင်သာယာ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required