ဆွေးနွေးဖို့ အမေရိကန်က ကမ်းလှမ်းတာဟာ လိမ်လည်နေတာလို့ အီရန်သမ္မတ ပြော

ဆွေးနွေးဖို့ အမေရိကန်က ကမ်းလှမ်းတာဟာ လိမ်လည်နေတာလို့ အီရန်သမ္မတ ပြော

တီဟီရန်၊ ဇွန် ၂၅ ။         ။ အီရန်ရဲ့ ထိပ်တန်းသံတမန် မိုဟာမတ်ဂျာဗက်ဇာရစ် အပါအဝင် အကြီးတန်း တာဝန်ရှိသူတွေကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာဟာ အမေရိကန်ဖက်က စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းနေတာက အလိမ်အညာ ဖြစ်တယ်ဆိုတာကို ပြသနေကြောင်း အီရန် သမ္မတ ဟတ်ဆန်ရိုဟာနီက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။

“တစ်ချိန်တည်းမှာ သူတို့က စေ့စပ်ဆွေးနွေးမယ်ဆိုပြီး ပြောရင်း တစ်ဖက်ကနေ နိုင်ငံခြားရေးဝန်ကြီးကိုယ်တောင် မချန်ဘဲ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တယ်။ ဒါ သူတို့ လိမ်နေတယ်ဆိုတာကို ပြသနေတာပဲ။”လို့ ရိုဟာနီက အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာကို ရုပ်သံကနေ ထုတ်လွှင့်ပြသပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က အမေရိကန်အနေနဲ့ အီရန်အတွက် စေ့စပ်ဆွေးနွေးရေး တံခါးချပ်ကို အမှန်ပင် ဖွင့်ထားစေဖြစ်ပေမယ့် အီရန်ဖက်က ခပ်မဆိတ်နေပြီး ဖီဆန်နေကြောင်း ပြောလာပြီးနောက်မှာ ရိုဟာနီက အခုလို မှတ်ချက်ပြု စကားကို ပြောလာတာလည်း ဖြစ်ပါတယ်။

ဒါအပြင် အီရန် ဘာသာရေးဦးသျှောင် အလီခါမေနီကို နာမည်ပျက်စာရင်း သွင်းတာနဲ့ ပတ်သက်ပြီးလည်း ရိုဟာနီက မေးခွန်းထုတ်သလို အမေရိကန်ဟာ ခြေရှုပ်နေတယ်လို့လည်း ပြောဆိုပါတယ်။

“ခေါင်းဆောင် ခါမေနီရဲ့ ပိုင်ဆိုင်မှုဆိုတာဟာ ရှီယိုက်ဘာသာရေးဝတ်ပြုနေရာနဲ့ သာမန်အိမ်တစ်လုံးပဲ ဖြစ်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ အခြားပြည်ပက ခေါင်းဆောင်တွေလို နိုင်ငံခြားမှာ ဒေါ်လာ ဘီလီယံများစွာ ဘဏ်အကောင့်ဖွင့်ထားကြတာ မဟုတ်ဘူး။ ဒါကြောင့် ဒီလို ခေါင်းဆောင်မျိုးတွေကို ဆန်ရှင် ချမှတ်နိုင်မှာလား။ ပိတ်ဆို့နိုင်မှာလား။”လို့ ရိုဟာနီက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required