အာဖရိကတွင် ကျင်းပမည့် International Series ပြိုင်ပွဲတွင် သက်ထားသူဇာ ဆုရအောင် ကစားမည်

အာဖရိကတွင် ကျင်းပမည့် International Series ပြိုင်ပွဲတွင် သက်ထားသူဇာ ဆုရအောင် ကစားမည်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၂၅ ။            ။ အာဖရိကနိုင်ငံများဖြစ်သည့် ဘီနင်နှင့် အိုင်ဗရီကို့စ်နိုင်ငံတို့တွင် ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ က ဆုရရှိအောင် ကြိုးစားသွားမည်ဟု ပြောဆိုလိုက်သည်။

"ပြိုင်ပွဲနဲ့ပတ်သက်ပြီး ညီမက ပြောချင်တာက ကိုယ်သွားတဲ့ပွဲမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်မယ်။ ပြီးတော့ ဒီနှစ်ပွဲကလည်း ညီမ ဆုရနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့် ညီမကတော့ ဆုရအောင် ရိုက်သွားမှာပါ " ဟု သက်ထားသူဇာက ဇွန် ၂၄ ရက်က ပြိုင်ပွဲအတွက် ထွက်ခွာမသွားမှီ ရန်ကုန်လေဆိပ်တွင် ပြောသည်။

လာမည့် ဇွန် ၂၇ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိ ဘီနင်နိုင်ငံမှာ ကျင်းပမယ့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံတွင် ကျင်းပမည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

"တိုကျိုအိုလံပစ်အတွက်ကြတော့ ညီမတို့က World Ranking ၁၀၀ အတွင်း ဝင်ရမယ်ဆိုတော့ အခုဟာ ညီမက အဆင့် ၁၁၃ ဖြစ်နေတယ်။ အဲဒီတော့ ညီမက လိုသေးတယ်ဆိုတော့ ဒီတစ်လျှောက်က ပြိုင်ပွဲတွေ အမြဲဝင်မယ်။ WF က လုပ်တဲ့ပွဲတွေကို တောက်လျှောက်ဝင်မယ်။ ပြီးရင် အမှတ်တွေ လိုက် စုမယ်။ နောက်ဆုံးရက် မတိုင်ခင် မီမယ်လို့ ညီမ ထင်ပါတယ် " ဟု သက်ထားသူဇာက ဆိုသည်။

သက်ထားသူဇာသည် ဇွန်လအတွင်း နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် မောရစ်သျှ FLEET Mauritius International 2019 Woman Single Semi-Final ပြိုင်ပွဲမှာ ဖင်လန်နိုင်ငံမှ Airi MIKKELA ကို အနိုင်ရရှိပြီး ချန်ပီယံဆု ရရှိထားသူလည်း ဖြစ်သည်။

ယခု ယှဉ်ပြိုင်မည့် ပြိုင်ပွဲနှစ်ခုအပြီးတွင် ဒိန်းမတ်နိုင်ငံ၌ နှစ်လကြာ သွားရောက်လေ့ကျင့်မည်ဟု သိရပြီး

စက်တင်ဘာလအတွင်း ပြိုင်ပွဲများကို ို ထပ်မံ ယှဉ်ပြိုင်မည်ဟု သိရသည်။

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ၄ ပွဲ ဝင်ပြိုင်ထားပြီး ၂၀၁၈ ခုနှစ်က အီဂျစ် အင်တာနေရှင်နယ်စီးရီး၊ ၂၀၁၉ ခုနှစ်မှာ ယူဂန်ဒါအင်တာနေရှင်နယ်ပြိုင်ပွဲ၊ ကင်ညာ အင်တာနေရှင်နယ် စီးရီး ပြိုင်ပွဲ၊ မော်ရစ်သျှ အင်တာနေရှင်နယ်စီးရီးပြိုင်ပွဲမှာ ထပ်မံဗိုလ်စွဲခဲ့သောကြောင့် ချန်ပီယံဆု ၄ ကြိမ် ရရှိထားသူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required