ရခိုင်အရေးတွင် ပြန်လည်လက်ခံရေးစခန်းများ အဆင့်မြှင့်တင်ရန် အာဆီယံ ကူညီမည်

ရခိုင်အရေးတွင် ပြန်လည်လက်ခံရေးစခန်းများ အဆင့်မြှင့်တင်ရန် အာဆီယံ ကူညီမည်

ရန်ကုန်၊ ဇွန် ၂၄ ။          ။ ၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တင်သွင်းခဲ့သော ရခိုင်ပြည်နယ်အရေး ကနဦး အစီရင်ခံစာတွင် ပြန်လည်လက်ခံရေးစခန်းများကို အဆင့်မြှင့်ရေးပါအဝင် အချက် ၃ ချက် ကို အဓိကထားတင်သွင်းခဲ့ပြီး အာဆီယံမှ အတည်ပြုခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးအပြီး အစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင် အစီရင်ခံစာ ၏ အဓိက ၃ ချက် ဖြစ်သည့် “ ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုဆိုင်ရာ သတင်း အချက်အလက်များ ဖြန့်ဝေမှု ပိုမိုအားကောင်းစေရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ကူညီပံ့ပိုးရေး” တို့ကို အာဆီယံအတွင်းရေးမှူးချုပ်မှ သဘောတူညီခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ် ၄ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့[ASEAN Emergency Response and Assessment Team (ASEANERAT)] အဖွဲ့ သွားရောက်လေ့လာခဲ့ပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို ဇွန် ၂၂ ရက်မှ ၂၃ ရက် အထိ ပြုလုပ်သော ASEAN Summit တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာမှာ အပြုသဘောဆောင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ ထုတ်ပြန်သည်။

“ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာမှာ အပြုသဘောဆောင်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ကူညီပံ့ပိုးမှုများအား ကြိုဆိုပြီး ယင်းပြဿနာအား ချောမွေ့လျင်မြန်စွာဖြေရှင်းရေးကို မိမိတို့လောက် လိုလားသည့်နိုင်ငံရှိမည်မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောကြားခဲ့သည်။

မြန်မာဘက်မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက် အမြန်အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ရခိုင်ပြည်နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်။

အာဆီယံနိုင်ငံခေါင်းဆောင်များက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှင့် လူသားချင်းစာနာမှုအကူညီများပေးရန် ဆွေးနွေးခဲ့ကြပြီး မြန်မာအစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများကို မောင်တော တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်း တို့တွင် စိစစ်လက်ခံသွားမည် ဖြစ်ပြီး စိစစ်လက်ခံပြီးသူများကို လှဖိုးခေါင်စခန်းတွင် ယာယီ ထားရှိမည် ဟု မြန်မာ UEHRD ဘက်မှ  စီစဉ်ထားရှိထားခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါစခန်းများ ကြံ့ခိုင်မှုမှာ စိုးရိမ်ရဖွယ်ရှိနေသေးကြောင်း မဇ္ဈိမမှ ၂၀၁၈ ခုနှစ်အကုန်အတွင်း သွားရောက်စဉ် တွေ့မြင်ခဲ့ရပြီး အစိုးရဘက်မှ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ဆောက်ထားခြင်း ကြောင့် ကြံ့ခိုင်မှုယိုယွင်းလာခြင်း ဖြစ်သည်ဟုလည်း ပြောဆိုထားသည်။  

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရဲစခန်းများ တိုက်ခိုက်ခံရမှုဖြစ်စဉ်အပြီး တပ်မတော်မှ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် ဘင်္ဂါလီသိန်းဂဏန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly