အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးမည့် ရှမ်းတပ်မတော် နှင့် ပအိုဝ်းတပ်တို့ နယ်မြေအငြင်းပွားကာ စစ်ရေးတင်းမာနေ

အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးမည့် ရှမ်းတပ်မတော် နှင့် ပအိုဝ်းတပ်တို့ နယ်မြေအငြင်းပွားကာ စစ်ရေးတင်းမာနေ
ပုံစာ - ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် (RCSS/SSA) ထိမ်းချုပ်နယ်မြေဖြစ်သည့် လွယ်တိုင်းလျန်ဒေသတွင် ရှမ်းတပ်မတော်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း

ချင်းမိုင်၊ အောက်တိုဘာ ၉ ။ ။ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)တို့အကြား နယ်မြေအငြင်းပွားမှု ထပ်မံ ဖြစ်ပွားကာ စစ်ရေးတင်းမာမှုရှိနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်တေင်ပိုင်း မောာက်မယ်မြို့နယ် ကဒူးကြီးဒေသ(နဂါးခမ်းတန်) နောင်တောင်ကီကျေးရွာအပိုင်းတွင် မနေဘဲ ပွန်းချောင်းအနောက်ဘက်ကမ်းသို့ ပြောင်းရွှေ့ပေးရန် PNLO ကို RCSS တပ်ရင်း ၃၆၁ မှ ဗိုလ်မှူးကြီး ယွပ်ဖက ရွာသူကြီးများမှတဆင့် အောက်တိုဘာလ ၈ ရက်က လာရောက်ပြောဆိုခဲ့ပြီး စစ်အင်အား ၃၀၀ ကျော်ခန့်ဖြင့် ဝိုင်းရံထားသည်ဟု PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

“မနှစ်တုန်းကလို ကျနော်တို့ရှိနေတဲ့ နေရာကို RCSSက ၃၆၁ က ဗိုလ်မှူးကြီး ယွပ်ဖဆိုတာ ရွာက သူကြီးတွေကို စုခေါ်ပြီးတော့ သူကြီးတွေနဲ့တဆင့် ကျနော်တို့ တပ်စခန်းကို လာပြီးအကြောင်းကြားခိုင်းတယ်။ အဲဒီမှာ နဂိုတောင်းဆိုခဲ့တဲ့အတိုင်း ကျနော်တို့ကို ပွန်းချောင်းအနောက်ဘက်က ရွှေ့ပေးဖို့ လာပြီးတောင်းဆိုတယ်။ အင်အား ၃၀၀၊ ၄၀၀ လောက်နဲ့လာပြီး ဝိုင်းထားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း မောာက်မယ်မြို့နယ် ကဒူးကြီးဒေသ(နဂါးခမ်းတန်) နောင်တောင်ကီကျေးရွာအပိုင်းတွင် RCSS နှင့် PNLOတို့သည် နယ်မြေအငြင်းပွားကာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ ယင်းတိုက်ပွဲကြောင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ရပြီး ပြေလည်မှုများ ရရှိခဲ့သော်လည်း ယခု ထပ်မံ အငြင်းပွားမှု ဖြစ်ပွားလာခြင်း ဖြစ်သည်။

နှစ်ဖက် ပစ်ခတ် တိုက်ခိုက်ခြင်း မရှိသေးသော်လည်း RCSS က စစ်အင်အား အလုံးအရင်းဖြင့် လာရောက် ဝိုင်းရံထားသဖြင့် PNLO ဘက်ကလည်း ပြန်လည်ခုခံရန် ညွန်ကြားထားကာ စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သူက ပြောသည်။

“အခုက စစ်ရေးပြင်ဆင်မှုကတော့ ကျနော်တို့ဘက်က ပြန်လုပ်ရတာပေါ့။ ဒီနေ့ အနေအထားကလည်း တင်းမာနေဆဲပါပဲ။ သူတို့ အင်အားနဲ့ မနေ့ကနေ စပြီးတော့ လာဝိုင်းထားတယ်။ ဒါပေမဲ့ တဖက်က စစ်ရေးအရ လာတိုက်လာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း မိမိကိုယ် မိမိကာကွယ်ပိုင်ခွင့်ဖို့ ကျနော်တို့ နောက်ခြေတပ်တွေကို စပြီးတော့ ပစ်ခတ် တိုက်ခိုက်တာမလုပ်ဘဲနဲ့ ကိုယ့်ကို ပစ်ခတ်တိုက်ခိုက်လာတဲ့ အခါကြမှသာလျှင် မိမိကိုယ်ကို ခုခံကာကွယ်ကြဖို့ ညွန်ကြားထားပါတယ်”ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် RCSS၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် မသိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ကဒူးကြီးဒေသသည် PNLO ၏ အခြေပြုနယ်မြေအဖြစ် သတ်မှတ်ကြောင်း အစိုးရနှင့် ပြည်နယ်အဆင့် သဘောတူညီမှုရရှိသလို၊ မကြာမီ လက်မှတ်ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းတွင်လည်း ယခင် ချုပ်ဆိုခဲ့သော သဘောတူညီ စာချုပ်များကို ပိုမိုခိုင်စေခြင်းနှင့် ထပ်မံ အတည်ပြုခြင်း စသည့် အချက်များ ပါရှိသဖြင့် ၎င်းဒေသမှ ဆုတ်ခွာပေးမည် မဟုတ်ကြောင်း သူက ပြောဆိုသည်။

နယ်မြေအငြင်းပွားနေမှု နှင့် ပတ်သက်၍ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “ကျနော်တိုအနေနဲ့ ဒီကနေ ဆုတ်ခွာဖို့က မဖြစ်နိုင်ဘူး။ ကျနော်တို့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အဆင့် သဘောတူညီချက်ထဲမှာ ကျနော်တို့ အခြေပြုနယ်မြေအနေနဲ့ သတ်မှတ်ခဲ့ပြီး ဖြစ်တယ်။ နောက်ပြီး အန်စီအေမှာလည်း ယခင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပိုမိုပြီးတော့ ခိုင်မာစေခြင်း၊ ထပ်လောင်း၍ အတည်ပြုခြင်းဆိုတဲ့ အချက်ပါပါတယ်။ ဆိုတော့ ဒီစာချုပ်ကို လက်မှတ်ထိုးခါနီး အချိန်အခါမျိုးမှာ ကျနော်တို့ အနေနဲ့က RCSS ကလည်း ကျနော်တို့နဲ့ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားလိုက်နာဖို့လိုတယ်။ ကျနော်တို့ကလည်း RCSSနဲ့ အစိုးရချုပ်ဆိုထားတဲ့ စာချုပ်ကို လေးစားနာပေးဖို့ အပြန်အလှန် တာဝန်ရှိပါတယ်”ဟု ဆက်လက် ပြောသည်။

ထို့ပြင် ယမန်နှစ်က သဘောတူညီချက်အတိုင်း နှစ်ဖက်တပ်များနှင့် အောက်ခြေအဆင့်ဆင့်ကို ထိန်းသိမ်းပေးရန်နှင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ စားပွဲဝိုင်းတွင် ဆွေးနွေးဖြေရှင်းရန် လိုလားကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃ ရက်က ယင်းနယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားကာ စက်တင်ဘာလ ၁၁ ရက်တွင် RCSS/SSA ဌာနချုပ် လွိုယ်တိုင်းလျန်တွင် PNLO နှင့် RCSS နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ အငြင်းပွားမှုကို စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်က PNLO သည် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက်ခဲ့ပြီး နောက်ပိုင်း မောက်မယ်မြို့နယ်အား RCSS က ထိန်းချုပ်ထားလိုက်ခြင်း ဖြစ်ပြီး အစိုးရက PNLOကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ထားသော ပွန်းချောင်း၏ အနောက် ဘက်ကမ်းအတွင်း လှုပ်ရှားရန် နှစ်ဖက် ညှိနှိုင်းထားပြီး ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ယခင်က မဇ္ဈိမကို ပြောဆိုထားသည်။

RCSS နှင့် PNLO တို့သည် အစိုးရ နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)ကို အောက်တိုဘာလ ၁၅ရက်တွင် ရေးထိုးမည့် အဖွဲ့များလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags