လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က မဲစာရင်းအမှားများ ထောက်ပြပြီး မဲမသမာမှုများ ဖွင့်ချမည်

လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့က မဲစာရင်းအမှားများ ထောက်ပြပြီး မဲမသမာမှုများ ဖွင့်ချမည်

 အောက်တိုဘာ ၉ ။             ။ ရွေးကောက်ပွဲ မသမာမှု ကာကွယ်တားဆီးရေး အဓိကလုပ်ကိုင်နေသည့် လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့မှ ပြင်ဆင်၍ ရနိုင်သည့် အခြေခံမဲစာရင်းအမှားကို   ထောက်ပြပြီး မဲမသမာမှု စာရင်း အချက်အလက်များအား ဖွင့်ချမည်ဟု ယင်းအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးရွှေဘက မဇ္ဈိမသို့ ပြောကြားသည်။

''အောက်တိုဘာ (၁၃) ရက်နေ့မှာ မဲစာရင်းအမှားကိစ္စ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့ (၁၄) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ မဲစာရင်းတွေ မှားနေတာ ကို အဓိက ထောက်ပြမှာပါ။ အချိန်မီ ပြင်ဆင်လိုက်ရင် အားလုံးအတွက် အဆင်ပြေသွားနိုင်မယ့့််လမ်းကြောင်းတွေရှိနေတာကိုပြောမယ်။'' ဟု ၎င်းကဆိုသည်။

၂၀၁၀ နှင့် ၁၀၁၂ ရွေးကောက်ပွဲ မသမာမှု စာရင်းအချက်အလက်များ အတိအကျ ရရှိထားပြီး အတိုက်အခံပါတီများ၊ CSO များသို့ ရွေးကောက်ပွဲမတိုင်မီ ဖွင့်ချဖြန့်ဝေမည်ဟု ပြောသည်။
"ဘာတွေလုပ်ခဲ့တယ်။ အခုဘာတွေလုပ်နေတယ်။ အခုအချိန်မှာ ဘာလုပ်ဖို့အတွက် လမ်းခင်းထားတယ်ဆိုတာကို ကျွန်တော်တို့ အသေးစိတ်လေ့လာသိရှိထားတယ်။" ဟုလည်း ဦးရွှေဘက ပြောသည်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဖန်တီးအိမ်မှ ဦးဝင်းပိုက်မျိုးကလည်း မဲစာရင်းအမှားများအား ထောက်ပြသည့် စောင့်ကြည့်လေ့လာအဖွဲ့များ ရှိသင့်ကြောင်း၊

အဖွဲ့အစည်းအမျိုးမျိုးက ပုံစံအမျိုးနှင့် လေ့လာကြခြင်းမှာ ကောင်းသည့်လက္ခဏာဖြစ်ပြီး နောင်ရွေးကောက်ပွဲများတွင် ပိုမိုအားကောင်းလာစေမည်ဟု ပြောသည်။

ဖန်တီးအိမ်ကလည်း ရွေးကောက်ပွဲအကြိုကာလ တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာရန် အစီအစဉ်ရှိသည်ဟုဆိုသည်။

''လွတ်လပ်ပြီး တရားမျှတဖို့ စောင့်ကြည့်လေ့လာကြတာဖြစ်တယ်။ အပြစ်ပြောဖို့ မဟုတ်ဘူး။ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွန်းအား ဖြစ်စေဖို့ စောင့်ကြည့်လေ့လာကြတာ။ စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှလည်း အမှန်တကယ်ဘာတွေလိုအပ်လဲဆိုတာသိရမှာ။'' ဟု ဦးဝင်းပိုက်မျိုးက မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကမူ အတည်ပြုနောက်ဆုံးမဲစာရင်းအား ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ပြန်မည်ဖြစ်ပြီး ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက် ပြုလုပ်ထားခြင်းများအား ထုတ်ပြန်ကြေညာပေးမည်ဖြစ်သော်လည်း စာရင်းမပါသည့်လူ မဲပေး၍ မရနိုင်တော့ကြောင်း ပြောကြားသည်။

''ကျွန်တော်တို့နိုင်ငံအနေအထားက အခြေခံကောင်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် စရင်းဇယားနဲ့ အလုပ်လုပ်တာ အားနည်းတော့ အပ်တူဒိတ် မဖြစ်တာတွေရှိတယ်။   နောက်ဆုံးကျတော့ ကော်မရှင်မှာဘဲ တာဝန်ရှိသလိုဖြစ်လာတာပေါ့။ ရပ်ကွက်ကော်မရှင်ရုံးက ပေးတဲ့စာရင်းက လွဲနေရင် ကျွန်တော်တို့လည်း လွဲမှာဘဲ။ မလွဲအောင်လို့ မဲစာရင်းလာကြည့်ခိုင်း တာပါ။'' ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့ (Independent Volunteers) သည် ၂၀၀၈ ခုနှစ် နာဂစ်ဖြစ်ချိန်တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်ရန် စတင်ဖွဲ့စည်းခဲ့ပြီး၊ ရွေးကောက်ပွဲမသမာမှု ကာကွယ်တားဆီးရေးပြုလုပ်သည့် အဖွဲ့အနေဖြင့်မူ မြန်မာနိုင်ငံ၌ ပထမဆုံးအဖွဲ့ဖြစ်သည်ဟု ဦးရွှေဘကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly