နိုင်ငံရေးအကျဉ်းသားများ၏သားသမီးများအတွက် NLD ပါတီ မှ ပညာသင်စရိတ် ထောက်ပံ့မည်

နိုင်ငံရေးအကျဉ်းသားများ၏သားသမီးများအတွက် NLD ပါတီ မှ ပညာသင်စရိတ် ထောက်ပံ့မည်
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇွန် ၂၂ ။             ။ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏  သားသမီးများကို ၂၀၁၉ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း NLD  ပါတီ၏ဗဟိုလူမှုအထောက်အကူပြု အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဖြစ်သော ဒေါ်ကြည်ကြည်ဝင်း ကမဇ္စျိမသတင်းဌာနသို့ ပြောသည်။

"ချို့တဲ့ တဲ့နိုင်ငံရေးအကျဉ်းသားတွေပါ။ အခုလောလောဆယ်ကတော့ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ လူတွေရဲ့ နိုင်ကျဉ်းသားသမီးတွေကို အရင်စီစဉ်နေတာပါ။ နယ်တွေမှာလည်း လူမူထောက်ကူတွေရှိတဲ့အခါကျတော့ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် သွားပါမယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ NLD မှာမဟုတ်ပါဘူး။ နိုင်ကျဉ်း အားလုံးရဲ့ သားသမီးတွေကို ထောက်ပံ့မှပါ " ဟု ဒေါ်ကြည်ကြည်ဝင်း က ပြောသည်။

လက်ရှိအချိန်တွင် NLD ပါတီသည် နိုင်ငံရေးဖြင့် အကျဉ်းကျနေခံနေရသည့် လူဦးရေ ၂၀ ကျော်ခန့် ကို ဆက်လက်ထောက်ပံ့ပေးအပ်နေပြီး နိုင်ငံရေးအကျဉ်းသားများ၏ ဘဝနောင်ရေး နှင့် သားသမီးများ အတွက် ပညာရေးကို ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

" ရန်ကုန်တိုင်းမှာရှိတဲ့ နိုင်ကျဉ်းတွေရဲ့သားသမီးတွေက အရွယ်စုံ ရှိပါတယ်။ နိုင်ငံရေးလုပ်လာတဲ့ တစ်ချို့ လူတွေရဲ့သားသမီးတွေဆို ဘွဲ့ရလို့လုပ်ငန်းခွင်တောင် ဝင်နေပါပြီ ။ ကျွန်မတို့ကမခွဲပါဘူး။ မူလတန်းက စပြီးတော့ တက္ကသိုလ် အထိ တစ်ဆင့်စီပါ။ မူလတန်းဆို အစိုးရဝတ်စုံမပေးနိုင်ရင် ကျွန်မတို့ ဝတ်စုံ ပေးနိုင် အောင် ကြိုးစားပါမယ်။ အလယ်တန်းတို့ဆိုရင် ဗလာစာအုပ်တို့ ဝတ်စုံတို့ ပေးမှာပါ။ ကောလိပ် ကျောင်းသား တွေကျတော့ ပိုက်ဆံထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ ကျောင်းသားဦးရေကိုတော့ မသတ် မှတ်ထားပါဘူး” ဟု " ဟု ဒေါ်ကြည်ကြည်ဝင်းက ဆက်ပြောသည်။

အဆိုပါ ထောက်ပံ့မှုများအတွက် စီစဉ်မှုများ ပြုလုပ်နေသည်မှာ တစ်လခန့်ရှိပြီဟု သိရပြီး လက်ရှိတွင် စာရင်းကောက်ခံမှုအရ လူဦးရေ ၁၂ဦးသာ ရရှိသေးကြောင်း ယခုကဲ့သို့ ထောက်ပံ့ခြင်းကို လူဦးရေ  ၂၀ ဦးပြည့်ပါက စတင်မည်ဟု သိရသည်။

NLD  ပါတီ၏ဗဟိုလူမူထောက်ကူပြု အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ဘဝထူထောင်ရေး ၊ ကျန်းမာရေးတို့အတွက် ထောက်ပံ့မှုများကို ဆောင်ရွက်နေကြောင်း သိရသည်။

"အစ်ကိုတို့ကတော့ဒါက  ကြိုဆိုရမယ့်လုပ်ရပ်လို့ပဲ မှတ်ချက်ပြုခြင်းပါတယ်။ဒါက ဖြစ်လည်းဖြစ်သင့် ပါတယ်။ နောက်ထပ်အကြုံပြုချင်တာက နိုင်ငံရေးအကျဉ်းသားတွေသည် နိုင်ငံတော်နှင့်နိုင်ငံသား တွေရဲ့အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ပတ်သက်ပြီး အဓိက ကျန်းမာရေး နဲ့ပတ်သက်လို့ ဒါကအခြေခံအကျဆုံးပေါ့။ ပြန်လည်ထူထောင်ရေးကို NLD အစိုးရအနေနဲ့ ဒါကို အလေးအနက်ထားပြီး အသိမှတ်ပြုသင့်ပါတယ်။ " ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့၏ ဦးဆောင်ကော်မတီဝင်ဖြစ်သော ကိုထွန်းကြည် က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required