တန်ဖိုးသင့်တင့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ တိုက်ခန်း ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကြားဖြင့် ရောင်းမည်ဟုဆို

တန်ဖိုးသင့်တင့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ တိုက်ခန်း ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကြားဖြင့် ရောင်းမည်ဟုဆို
Phpto ရတနာအိမ်ရာစီမံကိန်း ဟိန်းကိုစိုး မဇ္စျိမ

ရန်ကုန် အောက်တိုဘာ ၉ ။        ။ တန်ဖိုးသင့်တင့်ဟုဆိုသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းတို့မှ တိုက်ခန်းများကို ကျပ်သိန်း ၅၀၀ မှ ၆၀၀ ကြားဖြင့် ပွင့်လင်းရာသီတွင် စတင်ရောင်းချမည်ဟု မြို့ပြအိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေးမှုး ဒေါ်မီမီတင်က အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

"၄ နှစ်ကနေ ၈နှစ်အထိ အရစ်ကျလို့ လျာထားပေမယ့် ဘဏ်တွေက လက်ခံပေးနိုင်တဲ့အချိန်ပေါ်မူတည်ပြီး ၁၀ နှစ်နဲ့ ပေးချေဖို့လည်း ညှိနေတယ်။ နောက်ဆုံးတော့ အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက် အတိုင်းဖြစ်မှာ။ သမ္မတနဲ့၊ အစိုးရအဖွဲ့ကော နှစ်ခုလုံးတင်ဖို့ ပြင်နေပါပြီ။ သီးတင်းကျွတ်ပွင့်လင်းရာသီမှာ စရောင်းနိုင်မယ်။" ဟု ၎င်းက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ရတနာလမ်းနှင့် ပဲခူးမြစ်အကြားတွင် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းကိုလည်းကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက် အနီးတစ်ဝိုက်တွင် ဧရာဝဏ်အိမ်ရာ စီမံကိန်းကိုလည်းကောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနစီမံခန့်ခွဲခွင့်ရ မြေများတွင် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာနှင့် ဒီဇင်ဘာလအတွင်းတွင် အိမ်ခန်းပေါင်း ၂၀၀ မှ ၄၀၀ အထိ ဆောက်လုပ်မှုအကြမ်း ပြီးစီးမည်ဖြစ်ကာ ပွင့်လင်းရာသီမှ စတင်ပြီး ပုဂ္ဂလိကလုပ်ငန်းဝန်ထမ်းနှင့် အစိုးရ ဝန်ထမ်း တို့ကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဟုလည်း ဒေါ်မီမီတင်ကပြောသည်။

ဧရာဝဏ်နှင့် ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းများကို ၂၀၁၃ ခုနှစ် နှစ်ဦးတွင် စတင်အကောင်အထည်ဖော်ပြီး ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် အသီးသီးခွဲ၍ အပြီးဆောင်ရွက်ရေး စီမံကိန်းများ ချမှတ်ထားသည်ဟု ရန်ကုန်တိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းညွှန်ကြားရေးမှုး ဦးယုခိုင်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်ကလည်း ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းများကို အောက်တိုဘာ ၉ ရက်တွင် ဆောက်လုပ်နေမှု အခြေအနေများကို လာရောက်ကြည့်ရှုခဲ့သည်ဟု ၎င်းကဆိုသည်။

ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းမှ တိုက်များအား မြေစိုက်အောက်ခံရိုက်သွင်းခြင်း (Pile System) ဖြင့် ဆောက်လုပ်ထားသဖြင့် တန်ဖိုးသင့်တင့်ဟု သတ်မှတ်ရခြင်းဖြစ်သည်ဟု ဒေါ်မီမီတင် ကရှင်းပြသည်။

"တန်ဖိုးနည်းအိမ်ယာဆိုတာ ရွှေလင်ပန်းတို့၊ ယုဇနတို့၊ မြရည်နန္ဒာတို့ပါပဲ။ အခုဟာက အထပ်မြင့်အိမ်ရာ Pile System စနစ်နဲ့ လုပ်ထားတာဖြစ်တဲ့အတွက် တန်ဖိုးနည်းအိမ်ယာတွေ မဟုတ်ပါဘူး။" ဟု ဒေါ်မီမီတင်က ပြောသည်။

ဧရာဝဏ်နှင့် ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းနှစ်ခုလုံးရှိ အိမ်ခန်းများသည် ၆၀၀ စတုန်ရန်းပေနှင့် ၁၂၀၀ စတုရန်းပေ နှစ်မျိုးရှိပြီး မြေစိုက်အောက်ခံရိုက်သွင်းခြင်း (Pile System) ကို အနက် ၃၇ မီတာနှင့် ၁၁၂ မီတာနှစ်မျိုး ရိုက်သွင်း ဆောက်လုပ်ထားသည်ဟု သိရသည်။

ယုဇနဥယျာဉ်မြို့တော်နေ အသက် ၅၀ အရွယ်ရှိ ဦးသန့်ဇင်ကမူ တစ်နေ့ တစ်သောင်းခွဲဝင်ငွေရှိသည့် အိမ်ထောင်စုပင်လျင် ယခုဈေးနှုန်းအား ဝယ်ယူနိုင်ရန်မဖြစ်နိုင်ဟု မှတ်ချက်ပြုပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required