ခွဲစိတ်ကုသမှုအပြီး ဝင်လာတတ်တဲ့ စိတ်ကျရောဂါ

ခွဲစိတ်ကုသမှုအပြီး ဝင်လာတတ်တဲ့ စိတ်ကျရောဂါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူနာအတွက်ကတော့ သေးသေး၊ ကြီးကြီး ခွဲစိတ်မှုတစ်ခုအပြီးမှာ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နဂိုအကြောက်အလန့်ကြီးတဲ့သူတွေ၊ အရေးပေါ် ခွဲစိတ်ကုသမှုတွေ ခံရသူတွေမှာ ခွဲစိတ်အပြီး စိတ်ကျရောဂါ ဝင်လာတတ်ပါတယ်။ ဆရာဝန်အများစုကတော့ လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာကိုသာ စစ်ဆေးသွားတတ်ပြီး စိတ်ခံစားချက်ကို သတိမမူမိတာကြောင့် လူနာကသက်သာသွားတဲ့တိုင်အောင် စိတ်ကျရောဂါက ပျောက်မသွားဘဲ ကျန်နေခဲ့တာပါ။
ခွဲစိတ်ကုသပြီးနောက် စိတ်ကျရောဂါကို ဘာတွေက ဖြစ်စေလဲ။

  •    
    အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေ
  •     စိုးရိမ်ပူပန်စိတ်တွေ
  •     ထုံဆေးနဲ့ မတည့်တာ
  •     အကိုက်အခဲပျောက်ဆေးနဲ့ မတည့်တာ
  •     အသက်ဘေးအန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ရောဂါက ပြင်းထန်သွားတာ
  •     အရေးပေါ် ခွဲစိတ်ကုသမှု ခံယူလိုက်ရတာ
  •     ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေ များလာတာ
  •     ခွဲစိတ်အပြီးမှာလည်း စိုးရိမ်ပူပန်စိတ်က ပျောက်မသွားဘဲ ပိုပိုတိုးလာတာ စတဲ့အကြောင်းရင်းတွေကြောင့် စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။

စိတ်ကျရောဂါရှိနေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ

  •    
    မကြာခဏ အိပ်နေတာ၊ အိပ်ရင်လည်း အကြာကြီးအိပ်ပျော်နေပြီး မနိုးလာတာ
  •     စိတ်တို၊ စိတ်ဆတ်လွယ်တာ
  •     ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့တာ
  •     ရင်ထဲက မောပန်းနေတာ
  •     စိုးရိမ်ပူပန်တဲ့ ခံစားချက်တွေ ကြီးစိုးနေတာ
  •     စိတ်ဖိစီးမှု
  •     မျှော်လင့်ချက်မရှိတော့သလို ခံစားချက်တွေ
  •     တစ်ခုခုကိုတွေးပြီး အမြဲပူပန်ကြောက်ရွံ့နေတာ
  •     အစာစားချင်စိတ် မရှိတာ

အပေါ်က လက္ခဏာတွေကို တစ်ခုထက်ပိုပြီး တွေ့နေရပြီဆိုရင် ခွဲစိတ်မှုကြောင့် နောက်ဆက်တွဲစိတ်ကျရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီလက္ခဏာတွေကို ခွဲစိတ်အပြီး ၂ပတ်ကြာတဲ့အထိ ခံစားနေရတုန်းပဲဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
စိတ်ကျရောဂါ အမြန်ပျောက်စေဖို့ ဘာတွေလုပ်သင့်လဲ။

လူနာကိုယ်တိုင်က ကိုယ့်စိတ်က ပုံမှန်မဟုတ်တော့ဘူးလို့ ခံစားနေရရင်၊ လူနာကို ပြုစုစောင့်ရှောက်ပေးနေရတဲ့ မိသားစုဝင်တွေအနေနဲ့ လူနာရဲ့ ပုံစံက အရင်ကလို လန်းလန်းဆန်းဆန်း မဖြစ်ဘူးလို့ ထင်ရရင် စိတ်ဆရာဝန်နဲ့ အရင်ဆုံး ပြကြည့်တာ အကောင်းဆုံးပါပဲ။ တခြားနည်းလမ်းတွေအနေနဲ့

    လူနာကို အခန်းထဲမှာ လှောင်ပိတ်မထားပါနဲ့။ လေကောင်းလေသန့်လည်းရ၊ နေရောင်ခြည်၊ သဘာဝအလှတရားတွေလည်း မြင်ရအောင်၊ လူတွေနဲ့လည်း အဆက်အဆံမပြတ်အောင် အပြင်ကို လမ်းလျှောက်ထွက်တာမျိုး၊ လှည်းနဲ့ တွန်းပေးတာမျိုး လုပ်ပေးပါ။
    အကောင်းဘက်ကို တွေးပေးပါ။ ခွဲစိတ်မှုအောင်မြင်ပြီးသွားရင် လူနာရဲ့ စိတ်ထဲမှာ ကြောက်စိတ်တွေ မပျောက်ဘဲရှိနေတတ်ပါတယ်။ ဒီအခါ ဘေးကသူတွေအနေနဲ့ စိတ်ပူစရာမရှိတော့တဲ့အကြောင်း၊ အရင်လို ကျန်းကျန်းမာမာနဲ့ ပြန်ပြီးနေနိုင်ပြီဖြစ်တဲ့အကြောင်း၊ ဆေးရုံကဆင်းတဲ့အခါမှာလည်း မိသားစုဝင်တွေက ဝိုင်းဝန်းစောင့်ရှောက်ပေးမယ့်အကြောင်းတွေကို ပြောပြပေးပါ။
    လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာမျိုးမဟုတ်ဘဲ လမ်းလျှောက်ပေးတာ၊ ဇက်ကြော၊ ခါးလေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးလို့ ရပါတယ်။
    မိသားစုဝင်တွေအနေနဲ့ လူနာကို တတ်နိုင်ရင်တစ်ယောက်တည်း မထားခဲ့ပါနဲ့။ အလှည့်ကျဆီ စောင့်ပေးရင်း လူနာနဲ့ စကားလေးတွေပြော၊ ပြုစုပေးတာမျိုးတွေ လုပ်ပေးပါ။
    ဆရာဝန်ပြောထားတဲ့အတိုင်း နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပေးပါ။

ခွဲစိတ်မှုခံယူထားသူတိုင်း စိတ်ကျန်းမာရေးမှာ အနည်းနဲ့ အများတော့ သက်ရောက်နိုင်တဲ့အတွက် ဒီစိတ်ကျရောဂါနဲ့ ပတ်သက်ပြီး ပစ်ထားလို့တော့ မဖြစ်ဘူးနော်။ ကျန်တဲ့စိတ်ကျန်းမာရေးအခြေအနေတွေလို မဟုတ်ဘဲ စောစောသိလေ ကုသဖို့ ပိုလွယ်တဲ့အတွက် လူနာရှင်ရော၊ လူနာအနေနဲ့ပါ ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာအခြေအနေကို အမြဲ မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly