ကလေးမွေးစားခွင့် ပြဌာန်းချက်အပေါ် မကျေနပ်၍ နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီ ဆန္ဒပြမည်

ကလေးမွေးစားခွင့် ပြဌာန်းချက်အပေါ် မကျေနပ်၍ နေပြည်တော်တွင် ကြံ့ခိုင်ရေးပါတီ ဆန္ဒပြမည်
(ဓာတ်ပုံ- Aung Paing Min)

နေပြည်တော်(ဇွန်လ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် “ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ” ပါ ပြဌာန်းချက်တစ်ချို့သည် တိုင်းပြည်အတွက် အန္တရာယ်ရှိနိုင်သည်ဟု ယူဆကာ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က နေပြည်တော်တွင် မနက်ဖြန်(ဇွန်လ ၂၂ရက်) ဆန္ဒပြရန် စီစဉ်ထားသည်။

ယင်းဥပဒေပါ ကလေးသူငယ်များကို အခမဲ့ မှတ်ပုံတင်ခွင့်ပြုခြင်း၊ မွေးစားခွင့်ပြုခြင်းသည် အကယ်၍ မွေးစားလိုက်သည့် နိုင်ငံမဲ့ကလေးက နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများ တောင်းဆိုလာနိုင်သည့်အတွက် ယင်းအပေါ် ကန့်ကွက်ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်သည်ဟု USDP  ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက မဇ္ဈိမကို ပြောသည်။

“နိုင်ငံမဲ့ကလေးတွေကို ကျွန်မတို့ နိုင်ငံထဲ သွတ်သွင်းဖို့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ လုပ်ခဲ့တယ်ဆိုရင်  မဟာဗျူဟာမြောက်သာ လုပ်ခဲ့တယ်ဆိုရင် ဒီဟာတွေက အရမ်းအန္တရာယ်ကြီးပြီ” ဟု ၎င်းက ဆိုသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရွှေနံ့သာဘောလုံးကွင်းတွင် USDP ဦးဆောင်ကာ လူအင်အား သုံးရာဖြင့် ဆန္ဒပြရန် စီစဉ်ထားပြီး ရှေ့နေတစ်ဦးလည်းဖြစ်သူ ဒေါ်ယဉ်မင်းမြင့်ဆွေက ဥပဒေကြောင်းအရ ဟောပြောသွားမည် ဖြစ်သည်။

 ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေ ပုဒ်မ ၃၃(ခ)တွင် “မွေးစားကလေးငယ်တစ်ဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့မဟုတ်) ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ မွေးစားမိဘ၏ အခြားသားသမီးများ ကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူညီသော အခြား အခွင့်အရေးများ ရရှိစေရမည်” ဟု ပါရှိသည်။

 “အမွေဆက်ခံခွင့် အပါအဝင် တခြားအခွင့်အရေးတွေကိုလည်း တောင်းဆိုနိုင်တယ်ဆိုတော့ ဘယ်လို အခွင့်အရေးလောက်ထိ သူတောင်းဆိုနိုင်မလဲဆိုတဲ့ ကိစ္စတွေက အများကြီး ရှိနေနိုင်တယ်” ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကမူ ယင်းဥပဒေသည် ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျှသာ ဖြစ်ပြီး မှတ်ပုံတင်ခြင်းနှင့် နိုင်ငံသားပြုခြင်းဆိုသည့် အချက်မှာ အကောက်အယူလွဲနေသလို မွေးစားခြင်းနှင့် နိုုင်ငံသားဖြစ်ခွင့်မှာလည်း မသက်ဆိုင်ဘဲ ဥပဒေကို လိုရာဆွဲပြီး အဓိပ္ပာယ်ဖွင့်ဆိုနေကြခြင်း ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“သူတို့ပြောသလို ဘင်္ဂလီတွေကို မွေးစားပြီးတော့ မြန်မာနိုင်ငံသား ဖြစ်သွားမယ်ဆိုတာက လားလားမှ မဆိုင်ပါ။ လုံးလုံးမှ မဆိုင်ပါ။ အဲ့တော့ ကွဲလွဲပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ယခုလ (၇)ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် အဆိုပါ ဥပဒေကို တစ်ပိုဒ်ချင်းစီအလိုက် ဆွေနွေးပြီးနောက် အတည်ပြုခဲ့သည်။
 
လွှတ်တော်၏ အတည်ပြုချက်သည် ရခိုင်ပြည်နယ်အရေးဆိုင်ရာ ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာကို လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် နိုင်ငံရေးပါတီ(၂၆)ခုက ဇွန်လ ၁၆ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 ယနေ့ ဇွန်လ ၂၁ရက်တွင်လည်း အဆိုပါ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်တစ်ချို့အပေါ် ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲကို ရန်ကုန်မြို့လယ်တွင် ရာနှင့်ချီသည့် အမျိုးသားရေးသမားများက ဆန္ဒပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required