ကျွန်းစုရေပြင်တွင်မျောပါလာသော ICE မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့အပ်နှံ

ကျွန်းစုရေပြင်တွင်မျောပါလာသော ICE မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့အပ်နှံ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကျွန်းစု၊ ဇွန် (၂၁) ။           ။ မြိတ်ကျွန်းစုရေပြင်အတွင်း ရေမျောပါလာသည့် ICE အမျိုးအစား မူးယစ်ဆေးဝါးအထုပ် ၂၀ နီးပါးကို ရေလုပ်သားများက ဆယ်ယူခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် ကျွန်းစုမြို့နယ် ရဲစခန်းသို့ လာရောက် အပ်နှံ ခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းမှ သိရသည်။

တစ်ထုပ်လျှင် (၁) ကီလို ဂရမ်ခန့်ပါဝင်သော DAGUAN YIN စာတန်းပါ အဝါရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် ICE မူးယစ်ဆေးဝါး ၁၉ ထုပ်၊ စုစုပေါင်း အလေးချိန် (၁၉) ကီလိုဂရမ်၊ ကာလတန်ဖိုး (၇၆၀၀၀၀၀၀၀) ကို တောင်သုံးလုံး ကျေးရွာမှ ရေလုပ်သား ၆ ဦးက တွေ့ရှိဆယ်ယူခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် ကျွန်းစုမြို့နယ် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။

“ငါးစူးထိုး လုပ်ငန်း လုပ်နေတဲ့ တံငါးသည် ရေလုပ်သား ၆ ဦးက တွေ့ရှိတာ ဖြစ်ပါတယ်။ သူတို့က မူးယစ်ဆေးဝါးတွေ ဖြစ်မယ် ဆိုတာ မသင်္ကာတာကြောင့် ဆယ်ယူပြီး သက်ဆိုင်ရာ ရဲစခန်းကို လာရောက် အပ်နှံခဲ့တယ်”ဟု ကန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ပင်လယ်ပြင်တွင် မျှောလာသည့် ပိုင်ရှင်မဲ့ ပစ္စည်များဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက မလိအခြေစိုက် ရေတပ်စခန်းမှ ရေတပ်သားများက ပင်လယ်ပြင်အတွင်း ကင်းလှည့် ဆောင်ရွက် နေစဉ် မလိကျွန်း မြောက်ဘက် ၄ မိုင်မှ စတင်တွေရှိခဲ့သည့်အပြင် ထားဝယ်ဘက်မှ တံငါးသည် ရေလုပ်သား များကလည်း အထုပ်ရေ အမြောက်များကိုဆယ်ယူ ရရှိသောကြောင့် သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရ သည်။

“ဟုတ်ပါတယ်။ ICE လို့ ယူဆရတဲ့ မူးယစ်ဆေးဝါး ၁၉ ထုပ်ကို ရေလုပ်သား ၆ ဦးက တွေ့ရှိတာကြောင့်  သွားရောက် စစ်ဆေးပြီး သိမ်းဆည်းလာခဲ့တယ်”လို့ ကျွန်းစုမြို့နယ် စခန်းမှူး ဒုရဲမှူးညွန့်ဝင်းက ပြောဆိုသည်။

ပင်လယ်ပြင်အတွင်း မျောပါနေသည့် ICE မူးယစ်ဆေးဝါးများကို တံငါးသည် ရေလုပ်သားများ ထပ်မံတွေ့ရှိပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲစခန်းများသို့ သွားရောက် အပ်နှံရန် တနင်္သာရီ တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားပြီး၊ ၄င်း မူးယစ်ဆေးဝါးများကို ပြည်သူများ လက်ဝယ်သိမ်းဆည်း ထားပါက ဥပဒေအရ အရေးယူခံရမည်ဟု သိရ သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required