ပြည်တွင်းရွှေစျေးနှုန်း ကျဆင်းရန် မရှိသေးဟု ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဆို

ပြည်တွင်းရွှေစျေးနှုန်း ကျဆင်းရန် မရှိသေးဟု ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဆို
ဓာတ်ပုံ -ဖူးအိအိနွယ်

ဇွန်၂၁၊ ရန်ကုန် ။         ။ လက်ရှိအချိန်တွင် စံချိန်တင်မြင့်တက်နေသည့် ပြည်တွင်းရွှေစျေးနှုန်းသည် ကျဆင်းရန် မရှိသေး ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ၄င်း၏အမြင်ကို ပြောသည်။

“အန်ကယ်တို့ရဲ့ နိုင်ငံကတော့ အခုဖြစ်နေတဲ့ စျေးနှုန်းထက် ကျဖို့က တော်တော်လေး ခက်ခဲသွားပြီ ပေါ့နော်။ တက်မယ်ဆိုရင်တောင်မှ နည်းနည်းပါးပါးတက်နိုင်သေးတယ်။ လောလောဆယ်တော့ဆင်းဖို့ အနေအထားမရှိဘူး” ဟု ၄င်းက ပြောသည်။

နိုင်ငံတကာကုန်သွယ်ရေးတင်းမာမှုအခြေအနေ၊ စစ်ရေးတင်းမာမှုအခြေအနေရိုက်ခတ်မှုများကြောင့် ရွှေစျေးနှုန်းမြင့်တက်လာနေပြီး လက်ရှိပြည်တွင်းရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်းကျော်အထိ စံချိန်တင်မြင့်တက်နေခြင်း ဖြစ်သည်။

“အခု ရွှေစျေးတက်တာက အန်ကယ်တို့ ပြည်တွင်းအခြေအနေကြောင့် မဟုတ်ဘူး။ နိုင်ငံတကာရဲ့ အခြေအနေကြောင့် ဖြစ်တယ်။ နိုင်ငံတကာမှာ ကမ္ဘာ့ရွှေစျေးကတက်နေတယ်။ တက်တဲ့အခါ ပြည်တွင်းမှာလည်း အနည်းငယ်လိုက်ပြီးတော့ တက်တဲ့အနေအထားဖြစ်တာပေါ့။ နိုင်ငံတကာမှာ ဘာဖြစ်နေလဲဆိုတော့ ဒီအမေရိကန်ရယ်၊ တရုတ်ရယ်၊ တစ်ခြားနိုင်ငံတွေက စီးပွားရေးပဋိပက္ခဖြစ် နေတယ်။ အဲ့ဒီဖြစ်နေတဲ့ စီးပွားရေးပဋိပက္ခကြောင့် စတော့တွေ၊ ရှယ်ယာတွေက အားမကိုးရဘူး။ အဲ့ဒီအတွက်ကို ဒီရွှေတွေကို ဝယ်ကြတယ်” ဟု ဦးကျော်ဝင်းက ပြောသည်။

ထို့အပြင် ရွှေဝယ်ယူစုဆောင်းမှုများကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများ ဘက်က အများဆုံး ပြုလုပ်နေပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်တွင်းမှ သယံဇာတများကို  ပြည်ပသို့ တရားမဝင်မရောက်သွားစေရန် စျေးနှုန်းထိန်းညှိရမှုများရှိနေကြောင်း သိရသည်။

“ဒီလိုရွှေစျေးနှုန်းက စံချိန်ကျိုးတယ်ဆိုတာလည်း အန်ကယ်တို့ နိုင်ငံရဲ့ သယံဇာတအတွက် ကောင်း တာဖြစ်ပါတယ်။ အန်ကယ်တို့က ဒီစံချိန်ကို မချိုးဘူး။ တောက်လျှောက် စျေးအနိမ့်နဲ့ပဲ ရောင်းနေမယ် ဆိုရင် အန်ကယ်တို့ နိုင်ငံရဲ့ သယံဇာတအားလုံးဟာ သူများနိုင်ငံကို တရားမဝင်ရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အန်ကယ်တို့နိုင်ငံက သယံဇာတတွေဆုံးရှုံးမှုမရှိအောင်၊ ပြည်သူလူထုကို အကျိုးရှိအောင်ဆိုပြီး နိုင်ငံတကာရွှေစျေးနဲ့ ထိန်းညှိပြီးတော့ အရောင်းအဝယ်လုပ်နေရတဲ့ အနေ အထားလေးတွေ ရှိပါတယ်” ဟု ၄င်းက ပြောသည်။

နိုင်ငံတကာကုန်သွယ်ရေးတင်းမာမှုအခြေအနေ၊ စစ်ရေးတင်းမာမှုအခြေအနေများ ပြေလျော့ သွားပါက နိုင်ငံတကာရွှေစျေးနှုန်းနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်းကျဆင်းနိုင်ကြောင်း မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးနှုန်းသည် တစ်အောင်စလျှင် ၁၃၈၄ ဒေါ်လာဖြစ်နေချိန်၌ ပြည်တွင်းရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၁၁သိန်းကျော်အထိ မြင့်တက် လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required