ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခြင်းအပေါ် မကျေနပ်သဖြင့် တရားပြန်စွဲမည်ဟုဆို

ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခြင်းအပေါ် မကျေနပ်သဖြင့် တရားပြန်စွဲမည်ဟုဆို
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇွန် (၂၁) ။          ။ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်စဲခြင်း အပေါ် မကျေနပ်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြန်လည်တရားစွဲဆိုသွားမည်ဟု  ကျေးရွာကော်မတီနှင့် ကျောင်းကော်မတီဝင်များက ဇွန်လ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။
 

“အုပ်ချုပ်ရေးမှူးကို အကြောင်းမဲ့ တာဝန်မှ ရပ်နား ခိုင်းတယ်လို့ မြင်ပါတယ်။ စားကျက်မြေ ရောင်း ချတာနဲ့ ပတ်သက်ပြီးလည်း ကျွန်မတို့ ကျောင်းကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ အုပ်ချုပ်ရေးမှူးနဲ့ ဆရာမတွေ မပါဝင်ပါဘူး။ ဒီအတွက်ကြောင့် တာဝန်မှ ရပ်စဲတာ မကျေနပ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို တရားစွဲဆိုသွားမယ်” ဟု ပသောင်းကျေးရွာမှ ကျောင်းကော်မတီဝင် ဒေါ်ခင်ထွေးက ပြောသည်။

ပသောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးသည် ရွာစားကျက်မြေဖြစ်သော သက်ဆိုင်ရာ ဝန်ကြီး ဌာနမှ ထိန်းသိမ်းထားသည့်မြေကို သူ့၏ သဘောဆန္ဒဖြင့် ရောင်းချခဲ့ခြင်းဖြစ်၍ ကျေးရွာအုပ်စု အုပ်ချုပ် ရေး ဥပဒေ အခန်း- ၇၊ ပုဒ်မ-၁၃၊ ပုဒ်မခွဲ (ပ) ကို ချိုးဖောက်ခြင်းကြောင့် တာဝန်မှ ရပ်စဲ လိုက်ခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

“ရွာစားကျက်မြေတွေက တစ်နိုင်ငံလုံးမှာ ဒီအတိုင်းပဲ ရွာမှာရှိတဲ့ လူကြီးတွေနဲ့ နားလည်မှုယူပြီး ရောင်းနေကြတာပဲ။ ဒါက ကျွန်တော်ကို အကြောင်းမဲ့ သက််သက် အပြစ်ရှာပြီး တာဝန်မှ ရပ်စဲ ခိုင်း တယ် ဖြစ်တယ်”ဟု တာဝန်မှရပ်စဲခံရသည့် ပသောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးက ပြောသည်။

အဆိုပါကိစ္စရပ်များအတွက် မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းသူအောင်က“ပသောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ကျွန်တော့်သဘောနဲ့ တာဝန်မှ ရပ်စဲခိုင်းတာ မဟုတ်ပါဘူး။ တိုင်စာတက်လို့ သက်ဆိုင်ရာမှ စစ်ဆေးခဲ့တာ ဖြစ်တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ခရိုင်မှ တဆင့် ညွန်ကြားချက် ထွက်လာလို့ တာဝန်မှ အနားယူခိုင်းလိုက်တာ ဖြစ်တယ်”ဟု ဆိုသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly